မိတ္ထီလာ ဩဂုတ် ၁၈
မိတ္ထီလာမြို့နယ်၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဒေသခံပြည်သူများထံသို့ စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
"မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံက ရည်ညွှန်းဈေးနှုန်းနဲ့ ခွဲတမ်းရရှိတဲ့အခြေအနေ အပေါ်မူတည်ပြီးတော့ဒေသခံပြည်သူများထံ စားအုန်းဆီကို သက်သာတဲ့ဈေးနှုန်းနဲ့ မိုဘိုင်းလှည့်လည်ရောင်း ချပေးလျက်ရှိပါတယ်။ ခရိုင်စားသုံးသူရေးရာဦးစီးဌာနရဲ့ လမ်းညွှန်ကြီးကြပ်မှုနဲ့ နေရာများကို ရွေးချယ်ပြီး ကျွန်တော်တို့ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကနေ မြို့နယ်အတွင်းက ရပ်ကွက်များနဲ့ ကျေးရွာများအထိပါ မော်တော်ယာဉ်နဲ့ လှည့်လည်ရောင်းချပေးတာပါ။ ဒီနေ့မှာတော့ လျှော်ဖြူကန်ကျေးရွာနဲ့ ကန်သာကျေးရွာတို့မှာ သွားရောက်ပြီး စားအုန်းဆီတစ်ပိဿာ ၄၇ဝဝ ကျပ်နှုန်းနဲ့ ရောင်းချပေးတာဖြစ်ပါတယ်" ဟု မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဩဂုတ်လ ၁၆ ရက်နေ့တွင် ရွှေလှံ-ညောင်အိုင်ကျေးရွာ၊ ကန်တောင်ကျေးရွာ၊ ဩဂုတ်လ ၁၇ ရက်နေ့တွင် တောမကျေးရွာနှင့် မုန်တိုင်ကျေးရွာ၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် လျှော်ဖြူကန်ကျေးရွာနှင့် ကန်သာကျေးရွာတို့တွင် ဒေသခံပြည်သူများထံသို့ စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် မိုဘိုင်းလှည့်လည် ရောင်းချပေးခြင်းဖြစ်ပြီး သတ်မှတ်နေ့ရက်နှင့် နေရာများအလိုက် စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ဆက်လက်၍ လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ချမ်းသာ