မိုင်းစံမြို့ခလရ(၁၅၀)ခြေလျင်တပ်ရင်း၌ တတိယကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မိုင်းစံ သြဂုတ် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းစံမြို့ခလရ (၁၅၀) ခြေလျင်တပ်ရင်းမှ ဗိုလ်မှူးလှမင်းစိုးက ဦးဆောင်၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲ ဆောင်ရွက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေး၊ သစ်တောသစ်ပင်တန်ဖိုးများကို အလေးထားသိရှိနိုင်စေရန် ရည်ရွယ်၍ မယ်ဇလီ (၆၀)ပင်၊ ကျွန်း (၄၀)ပင် စုစုပေါင်း(၁၀၀)ပင်တို့အား စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

စိုက်ပျိုးပွဲတွင် ခလရ(၁၅၀)မှ တပ်မိသားစုဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးပြည့်လှိုင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မိုင်းစံ(ပြန်/ဆက်)