ဒဂုံ သြဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီက ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ပုံပြင်ပြောပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် စည်းကမ်းသတ်မှတ်ချက်များအားဦးစွာ ရှင်းလင်းပြောကြားခဲ့ပြီး၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ခိုင်က အဖွင့်အမှာစကား ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ဒဂုံမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၆ ) ဦးတို့ကပါ ဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် အလက(၁)မှ မအိမ့်ရွှေရည်ဖူး က ပထမဆု၊ အထက(၁)မှ မလမင်းဖူးပြည့်က ဒုတိယဆု၊ အမက (၁၀) မှ မဖူးပြည့်သော်က တတိယဆုတို့ရရှိခဲ့ကြရာ ဆုရရှိသူများအားဆုများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြကြောင်း သတင်းရသည်။
မေသန္တာ