မိုင်းယန်း ဩဂုတ် ၁၈
ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ရှိပြီး စာပေနှင့်ပိုမိုရင်းနှီးကျွမ်းဝင်လာစေရန်၊ စာပေမှရရှိသော အသိပညာဗဟုသုတများစွာ တိုးပွားလာစေရန်၊ ရဲဝင့်စွာ ပြောဆိုတတ်စေရန်နှင့် ဖတ်မှတ်စွမ်းရည်မြှင့်မားလာစေရန်အတွက် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်စာစောင်၊ ဓါတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာများအပြင် ပြင်ပအသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စာအုပ်စာပေများကို ဖတ်ရှုလေ့လာနိုင်စေရေးကို အသိပညာပေး ဟောပြောပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးရာ ကျောင်းသား/ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို မြို့နယ်ဦးစီးမှူးက အမှတ်တရလက်ဆောင်များပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များနှင့် ဓါတ်ပုံများကို စိတ်ဝင်တစ်စားကြည့်ရှုလေ့လာ ကြကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)