ပေါက်တောမြို့ရှိ မုန်တိုင်းအန္တရာယ် သတိပေးချက်များ လှည့်လည်ကြေညာ

​ပေါက်တော သြဂုတ် ၁၈

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် သတိပေးချက်များအား လှည့်လည်ကြေညာခြင်းကို ယနေ့ နံနက် ၁၁နာရီက မြို့ပေါ်ရပ်ကွက်များနှင့် ရွှေပြည်တန်အမြန်ယာဉ်ဆိပ်၊ ဘုတ်ဆိပ်များတွင် လှည့်လည်ကြေညာ​​ကြသည်။

အဆိုပါကြေညာချက်မှာ- (က) လေဖိအားနည်းရပ်ဝန်းအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များ အရဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းအနီးတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခုဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီးနောက် (၁၂)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ၊ အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်သို့လည်းကောင်း၊ နောက် (၃၆)နာရီအတွင်း မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)၏ အရှိန်ကြောင့် ယနေ့နံနက်မှ (၂၀.၈.၂၀၂၂) ရက်နေ့အတွင်းနေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့် အတူလေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီးလှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့်ရှိနိုင်ပါသည်။

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့်မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ခြင်းကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးဦးစီးဌာန၏ထုတ်ပြန်ချက်များအားလှည့်လည်ကြေညာခဲ့ကြကြောင်း သိရသည်။

မြိုနယ်(ပြန်/ဆက်)