ငါ့သရောက်မြို့တွင် ပဲစင်းငုံစိုက်ခင်များ ကောင်းမွန်ဖြစ်ထွန်း

ငါ့သရောက် သြဂုတ်လ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့သည် ထန်းလုပ်ငန်း၊ တောင်ယာစိုက်ပျိုးရေးတို့ကို အဓိကအားထားလုပ်ကိုင်လျက်ရှိသကဲ့သို့ မြေပဲ၊ ပဲစင်းငုံ၊ နှမ်း၊ ပြောင်း၊ နေကြာ၊ ပဲတီစိမ်း စသည်တို့အပြင် တစ်ပိုင်တစ်နိုင် ဟင်းသီဟင်းရွက်၊ ပန်းအမျိုးမျိုးတို့ကို မြေအောက်ရေဖြင့်လည်းကောင်း၊ ဆည်ရေ၊ ကန် ရေတို့ဖြင့်လည်းကောင်း စိုက်ပျိုးလျက်ရှိသည့်မြို့ဖြစ်သည်။

မိုးဦးကာလတွင် သီးနှံများကို အလေးထားစိုက်ပျိုးလျက်ရှိပြီး ယခုနှစ်အတွင်း မြေပဲ၊ နှမ်းတို့ဖြင့် သီးညှပ်စိုက်ပျိုးထားသော ပဲစင်းငုံစိုက်ခင်းများမှာ ဖြစ်ထွန်း ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ပဲစင်းငုံကို မိုးဦးကာလတွင် သုံးလမြေပဲ၊ ခြောက်လမြေပဲ၊ နှမ်းတို့ဖြင့် သီးညှပ်စိုက်ပျိုးလေ့ရှိပြီး ရှေးယခင်နှစ်များက ပဲစင်းငုံစျေး ရရှိမှုနည်းပါးသည့်အတွက် စိုက်ပျိုးသူနည်းပါးခဲ့ရသည်။ ၂၀၂၁ ခုနှစ်မှ စတင်၍ ပဲစင်းငုံစျေး ပြန်လည်မြင့်တက်လာသည့်အတွက် ယခုနှစ်တွင် စိုက်ပျိုးမှု များပြားလာပြီး ယခုကာလပေါက်စျေးမှာ တစ်တင်းလျှင် ကျပ် (၅၀,၀၀၀)မှ (၅၅၀၀၀) အထိစျေးနှုန်းရှိကြောင်း၊ ငါ့သရောက်မြို့မှ ထွက်ရှိသည့် ပဲစင်းငုံများကို ကျောက်ပန်းတောင်းမြို့နှင့် ပခုက္ကူမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

P.W.A(ပြန်/ဆက်)