လမ်းမတော်၊ စက်တင်ဘာ ၁၂
လမ်းမတော်မြို့နယ် UMFCCI တွင် ကုန်သည်စက်မှုအသင်းချုပ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကော်မတီ (၃/ ၂၀၂၀) အစည်းအဝေးအား ယမန်နေ့က Video Conferencing ဖြင့် ကျင်းပခဲ့သည်။
အသင်းချုပ် လူ့စွမ်းအားအရင်းအမြစ်ကော်မတီဥက္ကဋ္ဌဖြစ်သူ အသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး “ကျွန်တော်တို့ကော်မတီအနေနဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကွင်းဆက်မပြတ်သွားဖို့နဲ့ ၂၀၀၀ ခုနှစ်ကတည်းက ဖွင့်လှစ်ဆောင်ရွက်လာတာဖြစ်လို့ ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက်လည်း ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
၎င်းအပြင် အသင်းချုပ်မှ ဖွင့်လှစ်လျက်ရှိသော သင်တန်းများကို လက်ရှိတွင်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကြောင့် အွန်လိုင်းမှတစ်ဆင့် သင်ကြားနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ထိုင်းနိုင်ငံ University of the Thai Chamber of Commerce (UTCC) နှင့် ပူးပေါင်းဖွင့်လှစ်လျက်ရှိသော Global MBA Program မှာ Batch 15 အထိ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးတွင် အွန်လိုင်းသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် Learning Management System အဆိုပြုလွှာများ စိစစ်ခြင်းကိစ္စနှင့် သင်တန်းကြေးနှုန်းထားများ သတ်မှတ်ရန် ကိစ္စဆွေးနွေးခြင်း၊ အသင်းချုပ်သင်တန်းကျောင်းကို ဗိုလ်ဆွန်ပက်လမ်းအဆောက်အအုံသို့ ပြောင်းရွေ့ဖွင့်လှစ်နိုင်ရေးအတွက် အဆောက်အအုံတွင် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည့်အချက်များအား ဆွေးနွေးခဲ့ကြပြီး စကားဝါဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်မှလည်း Second Industry Partnership အကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
အသင်းချုပ်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအား ပုဂ္ဂလိကစီးပွားရေး အဝန်းအဝိုင်း တစ်ရပ်လုံးအတွက် အကျိုးဖြစ်ထွန်းစေမည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဆောင်ရွက်ပေးရန်၊ လုပ်ငန်းခွင်နှင့်ပညာရေးကဏ္ဍ ချိတ်ဆက်နိုင်မည့် Internship Program များနှင့် Industry-School Partnership အစီအစဉ်များပေါ်ပေါက်လာရေး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်၊ TVET ကဏ္ဍ ဖွံ့ဖြိုးလာရေးအတွက် Private-Public-Partnership ပုံစံဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ရန်နှင့် အနာဂတ်တွင်လိုအပ်လာမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာရေးကို ဖော်ဆောင်နိုင်ရန်အတွက် လိုအပ်သည့်ကိစ္စရပ်များကို နိုင်ငံတော်အစိုးရထံ တင်ပြသွားရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
အစည်းအဝေးသို့ အသင်းချုပ် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဒေါက်တာမျိုးသက်၊ ဦးသောင်းတင်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ဒေဝ၊ အသင်းချုပ်အလုပ်အမှုဆောင်များ၊ လူ့စွမ်းအား အရင်းအမြစ် ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဆန်းမြင့် (ပြန်/ဆက်)