ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေသခံတိုင်းရင်းသားများအတွက် ဖွင့်လှစ်သင်ကြားပေးခဲ့သော အထည်ပန်းပုံရိုက် နှင့် ဆေးရေးပညာသင်တန်းဆင်းပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား သြဂုတ် ၁၈

တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီး ဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ ဒေသခံတိုင်းရင်းသား/ တိုင်းရင်းသူများ အတွက် အသက်မွေးဝမ်းကျောင်းနည်းပညာများ သင်ယူနိုင်ခွင့်ရရှိရေး ဖွင့်လှစ်သင်ကြားပေးခဲ့သော အထည် ပန်းပုံရိုက်နှင့် ဆေးရေးပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး လေ့ကျင့်ပျိုးထောင်ရေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဒေသခံတိုင်းရင်းသားလူငယ်များအား ယခုလို သက်မွေးနည်းပညာများကို သင်ကြားပေးခြင်းသည် မိမိတို့အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများအတွက် ဥပဒေနှင့် ညီညွတ်သော အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် သည် သာမက တန်းတူညီမျှသော အခွင့်အရေးရရှိအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး တိုင်းရင်းသား တို့၏ ဘဝရည်မှန်းချက်များကို ပြည့်မီအောင် ပြုစုပျိုးထောင်ပေးခြင်းလည်းဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ မျိုးဆက်သစ် လူငယ်များအနေဖြင့် မျိုးချစ်စိတ်ဓာတ် ပြည့်ဝသော လူငယ်များဖြစ်အောင်၊ ဒေသအကျိုးပြု၊ ပြည်နယ်အကျိုးပြုနိုင်သော နိုင်ငံ့သားကောင်းလူငယ်များ ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းအားပေးပြော ကြားသည်။

ယင်းနောက် ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်မောင်လွင်က ဒေသခံတိုင်းရင်းသားလူငယ်များအား နည်းပညာသင်တန်းများ သင်ယူခွင့်ရရှိရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ ပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းက ဦးစီးဌာနမှ သက်မွေးနည်းပညာများကို ဖြန့်ဝေ ဆောင်ရွက်ပေးနေမှုများနှင့် လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းအုပ် ဆရာမ ဒေါ်ယဉ်ယဉ်မြင့်က သင်တန်းဖွင့်လှစ်သင်ကြားခဲ့မှု အခြေအနေများကို လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် ၁.၈.၂၀၂၂ ရက်မှ ၁၆.၈.၂၀၂၂ ရက်နေ့အထိ နှစ်ပတ်ကြာ သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးတို့အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က သင်တန်းဆင်း လက်မှတ်များနှင့် ဆေးရေးနှင့် ပန်းပုံရိုက်အထည်ချောများကို ပေးအပ်ခဲ့ကြရာ တိုင်းရင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမ အတွင်း ခင်းကျင်းပြသထားသည့် သင်တန်းသားများ၏ လက်တွေ့ဆောင်ရွက်ထားသည့် အထည် ပန်းပုံရိုက်နှင့် ဆေးရေးအဝတ်အထည်များ ခင်းကျင်းပြသထားရှိမှု များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ပြည်နယ် (ပြန်/ဆက်)