နောင်ချို ဩဂုတ် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုအနေဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာဗဟုသုတများ တိုးပွားစေရန် မြို့နယ်ကျောင်းကျန်းမာရေးအဖွဲ့ ဒေါက်တာအောင်ကိုဝင်းက ကျန်းမာစွာနေထိုင်နည်းများ၊ အစာအာဟာရအုပ်စုများ၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ လက်ဆေးနည်း၊ သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အလေးချိန်တိုင်းတာခြင်း၊ မျက်စိစစ်ဆေးပေးခြင်း၊ KGကျောင်းသား၊ ကျောင်းသူများအား တစ်ဦးချင်းကျန်းမာရေး စစ်ဆေးမှု မှတ်တမ်းကတ်ဖြည့်သွင်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှုကို ကျန်းမာရေးဝန်ထမ်းများက အဖွဲ့နှစ်ဖွဲ့ခွဲ၍ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဓိကလုပ်ငန်းစဉ်များဖြစ်သည့် ကျန်းမာရေးအသိပညာပေးရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး ကျောင်းအခြေပြုရောဂါကာကွယ်ရေး၊ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေး၊ အစားအစာများအန္တရာယ် ကင်းဝေးစေရေးနှင့် ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)