မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် အမျိုးသားဘောလုံးပွဲအသင်းနှင့် ပိုက်ကျော်ခြင်းအသင်းတို့အား ဂုဏ်ပြုပွဲအခမ်းအနားနှင့် အမျိုးသား​ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတက်​ရောက်

မော်လမြိုင် ဩဂုတ် ၁၈

၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဒုတိယဆုရရှိခဲ့သော မွန်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးအသင်းနှင့် ပိုက်ကျော်ခြင်းအသင်းတို့အား ဂုဏ်ပြုပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်​နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီဝင်များနှင့် ပိုက်ကျော်ခြင်း ဆပ်ကော်မတီဝင်များ၊ အုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်အ​နေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံခိုင်​ရေးနှင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးတို့ကို အကောင်အထည်ဖော် ​ဆောင်ရွက်လျက်ရှိရာ အားကစားနည်းများအလိုက် ပြိုင်ပွဲများ​ဆောင်ရွက်​ပေးလျက်ရှိ​ပြီး လိုအပ်သည်များကိုလည်း ပံ့ပိုးကူညီဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း၊ မွန်ပြည်နယ်​ဘောလုံးအသင်းနှင့် ပိုက်​ကျော်ခြင်း အသင်းတို့အ​နေဖြင့် နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည် မြင့်မားမှု၊ ကြံခိုင်မှုများဖြင့် ​အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိခဲ့ခြင်းဖြစ်သည့်အတွက် ထပ်မံဂုဏ်ပြု​ပေးရခြင်းဖြစ်​ကြောင်း၊ အောင်ပွဲရ အားကစားသမားများအ​နေဖြင့် ပြည်နယ်ကိုယ်စားပြု အားကစားသမား​ကောင်းများမှသည် နိုင်ငံလက်​ရွေးစင် အားကစားသမားများ​ကောင်းများ ဖြစ်ထွန်းလာ​စေ​ရေး စွမ်းစွမ်းတမံ ကြိုးစားကြ​စေလို​ကြောင်း ​ပြောကြားခဲ့သည်။

ဆက်လက်၍ မွန်ပြည်နယ် အသက်(၁၉) နှစ်အောက် ဘောလုံးအသင်းအဖွဲ့ ခေါင်းဆောင် ဦးဝင်းခိုင်ထွန်းနှင့် ပိုက်ကျော်ခြင်းအသင်းအုပ်ချုပ်သူ ဒေါ်နွယ်နွယ်ထွေးတို့မှ ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းတင်ပြခဲ့ပြီးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့ကြသည့် မွန်ပြည်နယ် အသက်(၁၉)နှစ်​အောက် အမျိုးသားဘောလုံးအသင်းနှင့် ပိုက်ကျော်ခြင်းအသင်းတို့အား ဂုဏ်ပြုဆုငွေများ အသီးသီး ​ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

၂၀၂၂ ခုနှစ်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဖလား (၁၀) မြို့နယ်၊ အသက် (၁၆) နှစ်​အောက် အမျိုးသား​ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ည​နေပိုင်းက ​မော်လမြိုင်မြို့၊ ​ကျောင်းသားအားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ရာပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာ​စေ​ရေးအတွက် အလားအလာရှိ​သော လူငယ်မျိုးဆက်သစ် အားကစားသမား ရှာ​ဖွေ​လေ့ကျင့်​ပေးပြီး အားကစားပြိုင်ပွဲများ ကျင်းပ​ပေးခြင်းဖြင့် အားကစားသမား​ကောင်းများ ပေါ်ထွန်းလာ​စေ​ရေး အဖက်ဖက်မှ အထူးအလေးပေး ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိ​ကြောင်း၊ အားကစားမြှင့်တင်မည်ဆိုလျှင် လူငယ်တို့၏စွမ်းအားသည် အဓိကကျသည့်အတွက် လူငယ်လူရွယ်များ၏ ကျန်းမာကြံ့ခိုင်မှု၊ အရည်အချင်း ပြည့်ဝမှု၊ စိတ်ဓါတ်​ရေးရာမြင့်မားမှု စတဲ့အချက်များ​ပေါ် မှီတည်​​နေခြင်းဖြစ်၍ လူငယ်၊ လူရွယ်များကို ဘက်စုံ​ထောင့်စုံမှ အရည်အ​သွေးမြှင့်တင်​ပေးရန် လိုအပ်မည်ဖြစ်​ကြောင်း၊ မွန်ပြည်နယ်​ဘောလုံးအားကစား အဆင့်တန်းတိုးတက်မြင့်မားလာ​စေ​ရေးနှင့် မျိုးဆက်သစ် အားကစားများ​ကောင်းများ ​ပေါ်ထွက်လာ​စေ​ရေး အားလုံးဝိုင်းဝန်း​ဆောင်ရွက်​ပေးကြရန် တိုက်တွန်းလို​ကြောင်း ​​ပြောကြားကာ (၁၀) မြို့နယ်၊ အသက် (၁၆) နှစ်​အောက် အမျိုးသား​ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်​ပေးခဲ့ပြီး အဖွင့်ပွဲစဉ်အဖြစ်​မော်လမြိုင် မြို့နယ် ​ဘောလုံးအသင်းနှင့် ​ချောင်းဆုံမြို့နယ် ဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်​​နေမှုအား ကြည့်ရှုအား​ပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်

ခရိုင်ပြန်/ဆက်