ဓမ္မာစရိယနှင့်နိကာယ်စာဖြေဌာနများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကုတ် ဩဂုတ် ၁၈

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့နယ်တွင် ဓမ္မာစရိယနှင့်နိကာယ်စာဖြေဌာန အသစ်ဖွင့်လှစ်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၂)နာရီက  အာလိန်ငါးဆင့်ကျောင်း၊ ဓမ္မာရုံ၌ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ အစည်းအဝေးကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီးနောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒာလင်္ကာရမှ ဓမ္မာစရိယနှင့် နိကာယ် စာဖြေဌာနဖွင့်လှစ်ခွင့်ရရှိပုံနှင့် ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းမိန့်ကြားပြီးနောက်၊ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တပညာသာရမှ စာစစ်ဌာန အောင်မြင်စွာဖွင့်လှစ်နိုင်ရေးထပ်မံမိန့်ကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်က ဓမ္မာစရိယနှင့် နိကာယ် စာဖြေဌာန များ အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးနှင့် ကြိုတင်ပြင်ဆင်ရမည့်ကိစ္စရပ်များကို လျှောက်ထားပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်ပုတို့က ဆောင်ရွက် မည့်အစီအစဉ်များနှင့် ပတ်သက်၍ ထပ်မံတင်ပြလျှောက်ထားကြသည်။

တောင်ကုတ်မြို့နယ်တွင် ဓမ္မာစရိယနှင့်နိကာယ်စာဖြေဌာနများကို အဋ္ဌမအကြိမ်၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ) ၏ စတုတ္ထအကြိမ်၊ ဒုတိယအစည်းအဝေးက စာဖြေဌာနအသစ်ဖွင့်လှစ်ရန် အင်္ဂါရပ်များနှင့် ညီညွတ်မှုရှိ ၂၀၂၃-ခုနှစ်မှစ၍ ဖွင့်လှစ်ရန်ခွင့်ပြု ပေးခဲ့ကြောင်းနှင့် ယခင်နှစ်များက တောင်ကုတ်မြို့နယ်တွင် ဓမ္မာစရိယနှင့်နိကာယ်စာဖြေဌာနများ မရှိသဖြင့် စာဖြေသံဃာတော်များအနေဖြင့် ကျောက်ဖြူခရိုင်သို့ သွားရောက်ဖြေဆိုခဲ့ကြရကြောင်းလည်း သိရသည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့်အဖွဲ့ဝင်ဆရာတော်များ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဘာသာရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်