နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဇေယျာသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများနှင့် တွေ့ဆုံ

ဇေယျာသီရိ ဩဂုတ် ၁၇

နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်းသည် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများနှင့်တွေ့ဆုံပွဲကို ယမန်နေ့မွန်းတည့်ပိုင်းက ကျည်တောင်ကျေးရွာအုပ်စု၊ မွန်းတည့်ခွင်ကျေးရွာရှိ ဘက်စုံသုံးခန်းမ၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများနှင့်တွေ့ဆုံ၍ အသားဈေးတွင် ဆိတ်သားသည်ဈေး အကြီးဆုံးဖြစ်တာကြောင့် ဆိတ်မွေးမြူရေးကိုတိုးချဲ့လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း ယခုလိုတွေ့ဆုံပွဲများပြုလုပ်ခြင်းဖြင့် မွေးမြူရေး၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများနှင့် ဒေသခံပြည်သူများ၏ လိုလားချက် လိုအပ်ချက်များကို ဖော်ထုတ်ပေးခြင်းဖြစ်ကြောင်း၊ တက်ရောက်လာသည့် တောင်သူများအနေဖြင့် မွေးမြူရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် လိုလားချက်များတင်ပြနိုင်မှသာ မိမိအနေဖြင့် သက်ဆိုင်သည့်ဌာဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်မှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက မွန်းတည့်ခွင်(မြောက်) ကျေးရွာရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် အစုအဖွဲ့ဆိတ်မွေးမြူရေးခြံနှင့် ကံဦးကျေးရွာရှိ ဥစားဘဲမွေးမြူရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ၏ လိုလားချက်များအား သက်ဆိုင်သည့်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)