ဗန်းမော် ဩဂုတ် ၁၇
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(ဗန်းမော်)မှ ဦးဆောင်၍ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ် ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁၂ နာရီခွဲက ဗန်းမော်မြို့ သာစည် ရပ်ကွက်ရှိ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရ သည်။
သင်တန်းဖွင့်ပွဲတွင် ဗန်းမော်ခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်(၄၁/၂၀၂၂)ဖြင့် ပြဋ္ဌာန်းထားသော လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ-၁၀(က)အရ ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းတက်ရောက်သည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် အဆိုပါ ပြဋ္ဌာန်းထားရှိသော ဥပဒေကို သိရှိနားလည်ကျွမ်းကျင်အောင် လေ့လာမှတ်သားကြပြီး မိမိတို့ ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်း လူကုန်ကူးသူများ ခြေမချနိုင်ရေးအတွက် အမြဲထောက်လှမ်း စိစစ်ဖော်ထုတ် ဖမ်းဆီးနိုင်ရေးကို ပူးပေါင်းဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း၌ လူကုန်ကူးမှု ဖြစ်ပေါ်လာခြင်းနှင့် တွန်းအား၊ ဆွဲအားများ၊ လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ တရားမဝင်ရွှေ့ပြောင်းသွား လာမှုခြားနားချက်များ၊ ကမ္ဘာနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူကုန်ကူးမှုများ၊ လူကုန်ကူးမှု၏ ဆိုးကျိုးများနှင့် လူကုန်ကူးခံရသူ၏ အခွင့်အရေးများ၊ တရားစွဲဆိုရေးလုပ်ငန်းစဉ်နှင့် လူကုန်ကူးခံ ရသူများ၏ အရေးပါမှု၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေနှင့် လူကုန်ကူးခံရသူဖြစ်ကြောင်း စိစစ်ဖော်ထုတ်ခြင်း၊ လူကုန်ကူးမှုဖြစ်စဉ်(၃)ဆင့်နှင့် စိစစ် ဖော်ထုတ်ရေးပုံစံများအသုံးပြုခြင်း၊ တွေ့ဆုံမေးမြန်းမှုပုံစံများ၊ လူကုန်ကူးခံရသူများကို ပြန်လည်လက်ခံခြင်း၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းပေးခြင်းနှင့် ပြန်လည်ထူထောင်ခြင်း၊ တားဆီးနှိမ်နင်းခြင်း၊ ရှာဖွေခြင်း၊ ဖမ်းဆီးခြင်း နှင့် သက်သေခံပစ္စည်းကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များ စသည်တို့ကို သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ ဗန်းမော်မြို့နယ်အတွင်းရှိ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့မှ သင်တန်းသား၊ သင်တန်းသူ ၃၅ ဦး တက်ရောက်လျက်ရှိပြီး အမှတ်(၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (ဗန်းမော်)မှ တပ်ဖွဲ့စိတ်မှူး ဒုရဲမှူး ကျော်မိုးနိုင်၊ ရဲအုပ်မျိုးဇော်ဦးနှင့် ရဲအုပ် ထွန်းနိုင်လင်းတို့က သုံးရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဗန်းမော်(ပြန်/ဆက်)