တိုက်ကြီး ဩဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် ပူးပေါင်း၍ စာရေးသူ မှော်ဝန်းသီဟ ရေးသားထားသော “ကျောင်းသူ၊ ကျောင်းသားများအတွက် ကမ္ဘာကျော် ပုဂ္ဂိုလ်များ-၁” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ဒုတိယဦးစီးမှူး ဒေါ်ခင်နှင်းသက်က မျိုးဆက်သစ်လူငယ် လူရွယ်များ ကမ္ဘာကျော်သမိုင်းဝင် လူပုဂ္ဂိုလ်များအပေါ် အားကျအတုယူလိုစိတ် များ ဖြစ်ထွန်းလာစေရန် ၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဖတ်ရှုထားသည့် စာပေအသိများအား ပြန်လည်မျှဝေပေးနိုင်ရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး “ ကျောင်းသူ၊ ကျောင်းသားများအတွက် ကမ္ဘာကျော်ပုဂ္ဂိုလ်များ-၁” စာအုပ်မှ ဂရိသိပ္ပံပညာရှင်ကြီး အရစ္စတိုတယ်နှင့်ပတ်သက်၍ သိကောင်းစရာများကို ဖတ်ကြားဆွေးနွေးသည်။ ဆက်လက်၍ တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများ အသင်း Book Club အဖွဲ့ဝင်များက အခြားကမ္ဘာကျော်ပုဂ္ဂိုလ်များအကြောင်းကို ဖတ်ကြား၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး လူငယ်များ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ထွန်းစေရန်၊ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် စာဖတ်ပရိတ်သတ်များ၊ စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်နှင်းသက် ( ပြန် / ဆက် )