အမ်းမြို့နယ်၌ ငါးသယံဇာတထိန်းသိမ်းရေး အသိညာပေး (TALK SHOW) ဆွေးနွေးပွဲကျင်းပ

အမ်း ဩဂုတ်  ၁၇

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ငါးသယံဇာတထိန်းသိမ်းရေး အသိညာပေး (TALK SHOW) ကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် (၉) နာရီအချိန်က ပြုလုပ်ခဲ့ သည်။

အဆိုပါ အသိညာပေး(TALK SHOW)ပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင်းက အစီစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဇော်ထွန်းက ရခိုင်ပြည်နယ်သည် ရခိုင်ရိုးမ တောင်တန်းများမှ စီးဆင်းလာသည့် ရေချိုအရင်းအမြစ်များ၊ ဘဂလားပင်လယ်အော်မှ ရရှိသည့် ရေငန်အရင်းအမြစ်များကြောင့် ရေချို/ရေငန် ငါးသယံဇာတ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ အမ်းမြို့နယ်သည် ရခိုင်ရိုးမတောင်တန်းများမှမြစ်ဖျားခံပြီး စီးဆင်းလာ သည့် အမ်းချောင်းနှင့် ဒါးလက်ချောင်းတို့၏ ချောင်းလက်တက်များဖြန့်ဝေကာ စီးဆင်းနေသောကြောင့် ရေချို/ရေငန် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ အမ်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် ရေလုပ်ငန်း၊ ပုဇွန်မွေးမြူရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြကြောင်း၊ အဓိကရေထွက်ပစ္စည်းမှာ ရွံ့ကဏန်း၊ ရေငန် ပုစွန်၊ ပုစွန်ခြောက်၊ ဂုံး၊ ရေချိုငါး၊ ငါးဖရုံ စသည့် ရေထွက်ပစ္စည်းများကို ပြည်မသို့ တင်ပို့ခြင်းဖြင့် ဝင်ငွေရရှိသည့် မြို့နယ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမ်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ရေနေသယံဇာတထိန်းသိမ်းရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျှက်ရှိရာ တရားမဝင် ငါးဖမ်းလုပ်ငန်းများဖြစ်သည့် လျှပ်စစ်ဖြင့်ရှော့တိုက်၍ ငါးဖမ်းဆီးခြင်း၊ အရွယ်အစားသေးငယ်သောပိုက်ကွန်များဖြင့် ငါးဖမ်းဆီးခြင်းလုပ်ငန်းများ ပပျောက်စေရေးတို့အတွက် ကွင်းဆင်းစည်းရုံးဟောပြောခြင်း၊ အသိပညာပေးစာစောင်များ ဖြန့်ဝေပေးခြင်း လုပ်ငန်းများဆောင်ရွက်ပြီး မြစ်ချောင်းများကို ထိန်းသိမ်းကာကွယ်လျက်ရှိပါကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း

မြို့နယ်ပြန်/ဆက်