သန်လျင်မြို့နယ်အတွင်းတွင် မိုးအဆက်မပြတ်ရွာသွန်း၍ အနိမ့်ပိုင်း ရပ်ကွက်များ ရေဝင်နစ်မြုပ်

သန်လျင်  သြဂုတ်   ၁၇

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သန်လျင်မြို့နယ်အတွင်းရှိ မြို့မတောင်ရပ်ကွက်၊ ဗိုလ်ချုပ်ကျေးရွာ အစရှိသည့် ရပ်ကွက်ကျေးရွာများရှိ အနိမ့်ပိုင်းနေရာများ  ရေကြီးနစ်မြုပ်လျှက် ရှိသည်ကိုတွေ့ရသည်။

ယမန်နေ့ညပိုင်းမှ အဆက်မပြတ်ရွာသွန်းလျှက်ရှိသော မိုးကြောင့် ယနေ့နံနက်တွင် အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ရောက်လျက်ရှိရာ အချိန်မီ သိမ်းဆည်းနိုင်ခြင်းမရှိသော ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရသည်။ မြို့မတောင်ရပ်ကွက် နတ်စင်လမ်းနေ ဒေါ်ပုက "ညထဲက အဆက်မပြတ် ရွာလိုက်တာဒီနေ့ မနက်အစောပိုင်း အိမ်ထဲကိုခါးလည်လောက်အထိ ရေဝင်လာတာ အချိမ်မီ ဝိုင်းသိမ်းပေးမယ့်သူကလည်းမရှိ အိမ်တိုင်းနီးပါး ရေဝင်ကြတော့ အကူအညီမပေးနိုင် ပျက်စီးဆုံးရှုံးကုန်တာပေါ့  စားသောက်ကုန်လည်း ရေမြုပ်ကုန်တယ်" ဟု ပြောကြားသည်။

သန်လျင်မြို့နယ်အတွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေနုတ်မြောင်းကြီးများ ဖောက်လုပ်ဆောင်ရွက်ပေးခဲ့သော်လည်း   အဓိကရန်ကုန်မြစ် ထွက်ပေါက် ဖြစ်သော သီတာရေမြောင်းကြီး ရေဆွဲအားကောင်းသော်လည်း မြစ်ရေတက်ချိန်နှင့် တိုက်ဆိုင်သည့်အခါ စီးဆင်းမှုရပ်တန့်၍ ရေကြီးနစ်မြုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)