ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ

လင်းခေး ဩဂုတ် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌ခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွိုင်ခမ်းအမျိုးသမီးများအဖွဲ့တို့ပူးပေါင်း၍ ကမ္ဘာ့အလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ  ဒေါ်နန်းပြုံးရီက အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီးနောက် လွိုင်ခမ်းအမျိုးသမီးများအဖွဲ့ ဒါရိုက်တာ ဒေါ်နန်းသန်းသန်းညွန့် က ကလေးအလုပ်သမားနှင့် ပတ်သက်သည့်အချက်အလက်နှင့် စာရင်းဇယားများအရ တစ်ကမ္ဘာလုံးတွင် အသက် ၁၈နှစ်အောက် ကလေးအလုပ်သမား ၂၄၅.၅ သန်း ရှိပါကြောင်း၊ ခန့်မှန်းခြေ ၁၇၉ သန်းသည် အဆိုးရွားဆုံး ပုံသဏ္ဍာန်ဖြင့် ခိုင်းစေခံနေရသော ကလေးအလုပ်သမားများဖြစ်ကြပါကြောင်း၊ အဆိုးဝါးဆုံး ပုံစံဖြင့် အလုပ်ခိုင်းစေခြင်းဆိုသည်မှာ ကလေးသူငယ်ကို ရောင်းချခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ ကျေးပိုင်ကျွန် ပိုင်ပြုလုပ်ခြင်း၊ လူကုန်ကူးမှုကျူးလွန်ခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း၊ လက်နက် ကိုင်ပဋိပက္ခတွင် အသုံးချရန် အဓမ္မ သို့မဟုတ် မလုပ်မနေရ စုဆောင်းခြင်း အပါအဝင် အဓမ္မလုပ်ခိုင်းစေခြင်း သို့မဟုတ် မလုပ်မနေရ အလုပ်ခိုင်းစေခြင်း၊ ပြည့်တန်ဆာ ပြုလုပ်ခိုင်းစေရေး အတွက်ဖြစ်စေ၊ ကလေးသူငယ် ညစ်ညမ်းပုံပြုလုပ်ဖြန့် ဖြူးခြင်းပြုရေးအတွက်ဖြစ်စေ၊ ညစ်ညမ်းပုံပြသ သရုပ်ဆောင်ရေးအတွက်ဖြစ်စေ ကလေးသူငယ်ကို သွေးဆောင်ဖြားယောင်းခြင်း၊ ဝယ်ယူခြင်း၊ အသုံးပြုခြင်း သို့မဟုတ် ကမ်းလှမ်းခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးအပါအဝင် မူးယစ်ဆေးဝါး တရားမဝင်လုပ်ကိုင်ဆောင်ရွက်မှုများအတွက် ကလေးသူငယ်ကို သွေးဆောင်ဖြားယောင်းခြင်း၊ ဝယ်ယူခြင်း၊ အသုံးပြုခြင်း သို့မဟုတ် ကမ်းလှမ်းခြင်း၊ လုပ်ကိုင်သောအလုပ်အကိုင်နှင့် အခြေအနေများအရ ကလေးသူငယ်၏ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး သို့မဟုတ် အကျင့်စာရိတ္တ ကို ထိခိုက်ပျက်ပြားစေသော အလုပ်ခိုင်းစေခြင်းတို့ဖြစ်ကြောင်း ဆွေးနွေးပြောကြားပါသည်။

ကလေးပေါင်း ၁.၂သန်း ဝန်းကျင်သည် လူကုန်ကူးခံရသည့် သားကောင်များဖြစ်ရကြောင်း၊ ပျှမ်းမျှအားဖြင့် အသက် ၅ နှစ်မှ ၁၇နှစ်ကြားရှိ ကလေး ၆ ယောက်တွင် တစ်ယောက်ကို ကလေးအလုပ်သမားဟု သတ်မှတ် နိုင်ကြောင်း၊ ကျေးလက်ဒေသတွင် အလုပ်လုပ်နေသော ကလေးများ သည် လယ်ယာစိုက်ပျိုးရေးတွင် လုပ်နေကြပါကြောင်း၊ ကလေးအလုပ်ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် နိုင်ငံတော်တရားဥပဒေကို ချိုးဖောက်ပြီး ကလေးအား ထိခိုက်ပျက်စီးစေသည့် အလုပ်လုပ်ရခြင်း၊ ကလေးများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လူမှုဆက်ဆံရေး သို့မဟုတ် အကျင်စာရိတ္တတို့ကို ထိခိုက်စေပြီး ကလေးမျာအား ထိခိုက်ပျက်စီးစေသည့် လုပ်ဆောင်မှုများနှင့် အလုပ်များပါဝင်ကြောင်း၊ ကျောင်းတက်ခြင်းကို အနှောင့်အယှက် ဖြစ်စေသည့်အလုပ် သို့မဟုတ် အလုပ်လုပ်ခြင်းနှင့် ကျောင်းတက် နှစ်မျိုး တာဝန် ထမ်းဆောင်ရန် လိုအပ်ခြင်း၊ ကလေးအလုပ်သမားဖြစ်စေသော အကြောင်းရင်းခံများနှင့် နောက်ဆက်တွဲ ဖြစ်ရပ်များမှာ ပညာရေးကို လက်လှမ်းမမှီခြင်း၊ မိသားစုစားဝတ်နေရေး အခက်အခဲရှိခြင်းကြောင့် ကလေးအလုပ်သမား တိုးပွားလာရခြင်းဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးပါသည်။

ကလေးအလုပ်သမားများ လျှော့ချနိုင်ရေး လုပ်ငန်းစဉ်များအနေဖြင့် ခိုင်မာတိကျတဲ့ အခြေခံအချက်အလက်များကောက်ယူခြင်း၊ ကလေးကိုယ်တိုင်နှင့် ကလေးမိဘများကို အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကလေးများစွမ်းဆောင်ရည် မြင့်တက်လာစေရန် သင်တန်းပေးခြင်း၊ ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း အခွင့်အလမ်းများ ပိုမိုဖန်တီးပေးခြင်း၊ ကလေးမိသားစု ဝင်တွေအတွက် ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ပေးခြင်းဖြင့် ကလေးအလုပ်သမားများ လျှော့ချနိုင်မည်ဟု သုံးသပ်မိပါကြောင်း ရှင်းလင်းဆွေးနွေးပါသည်။

လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အသိပညာပေးရေး လုပ်ငန်းများဖြစ်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးခြင်း၊ မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ ပေးခြင်း၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းများနှင့် ပြည်သူလူထုများသို့ အသိပညာပေး သင့်သည့် အခြားအကြောင်းအရာများကို Online မှတစ်ဆင့် အခါအားလျော်စွာ ထုတ်လွှင့်တင်ဆက် ပေးလျက်ရှိပါကြောင်း သိရသည်။

လင်းခေးခရိုင်ပြန်/ဆက်