မောက်မယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မောက်မယ် သြဂုတ် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများစာပေဖတ်ရှုသည့်အလေ့အကျင့်ရရှိစေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများ တိုးပွားလာစေရန် စာရေးဆရာ ဇာဏီဟိန်း(သီပေါ)၏“ သဘာဝပတ်ဝန်းကျင်အစဉ်ကောင်းစေဖို့ ” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နေ့လယ် ၁ နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက နေ့တစ်နေ့ကို ပျော်ပျော်ရွင်ရွင်ဖြတ်သန်းစေရန်၊ ယနေ့လုပ်ဆောင်ရမည့်တာဝန်များကို တာဝန်ယူလို စိတ်အပြည့်ဖြင့် လုပ်ဆောင်နိုင်ကြရန်နှင့် စာပေမှ အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍  စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ရခြင်းကိုပြောကြားပြီး နန်းဆိုင်ဆိုင်က“အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နန်းဆိုင်မွန်းက“လူဦးရေနှင့် ပတ်ဝန်းကျင်အခြေအနေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရွှေစင်ဦးက “မရှိမဖြစ်ရေကို ချွေတာသုံး၍ထိန်းသိမ်းစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နန်းလောဝ်နွမ်းက“ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့ အမျိုးသားရေး တာဝန်အဖြစ် တက်ညီလက်ညီဆောင်ရွက်စို့”ခေါင်းစဉ်တွင်ပါဝင်သည့် အကြောင်းအရာများကို တက်ရောက်လာသည့် စာပေချစ်သူများနှင့် ကျယ်ကျယ်ပြန့်ပြန့် အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လစဉ်ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)