မိုးညှင်းမြို့နယ် မနခေါကျေးရွာ၌ Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

မိုးညှင်း ဩဂုတ် ၁၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အင်းတော်ကြီးဒေသစိတ်တွင် Cash for Work စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက် နေသည့် မနခေါကျေးရွာသို့ ယနေ့ နံနက် (၁၀)နာရီက ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးလင်း၊ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းနှင့် တာဝန်ခံ အင်ဂျင်နီယာ တို့က လုပ်ငန်းဆောင်ရွက်နေမှုနှင့် စာရင်းဇယား များဖြည့်သွင်းထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မနခေါကျေးရွာ၌ Cash for Work စီမံကိန်းရန်ပုံငွေဖြင့် ရေနှုတ်မြောင်း တူးဖော်ခြင်း အရှည်ပေ ၅၉၀၀၊ အနက် ၂ ပေ၊ အကျယ် ၂ ပေခွဲကို လည်းကောင်း၊  ကျေးရွာအတွင်း သဲကျောက်ခင်းခြင်း လုပ်ငန်းအား အရှည်ပေ ၁၅၀၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မနှင့် အရှည်ပေ ၁၀၀၀၊ အကျယ် ၁၂ ပေ၊ ထု ၃ လက်မတို့ကိုလည်းကောင်း စသည့်လုပ်ငန်းများကို ဩဂုတ်လ (၈)ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် အဆိုပါလုပ်ငန်းမှာ ၄၀ ရာခိုင်နှုန်းထိ ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် Cash For Work စီမံကိန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၁၅)ရွာ မှာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လုံးစန့်ကျေးရွာအုပ်စု မနခေါ ကျေးရွာ (၁)ရွာတွင် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် Cash for Work စီမံကိန်းသည် ကျေးရွာ တစ်ရွာလျှင် ရန်ပုံငွေကျပ် (၁၀)သန်းရရှိပြီး ရရှိရန်ပုံငွေ၏ ၅၀ရာခိုင်နှုန်းအား လုပ်အားခအဖြစ် သုံးစွဲနိုင်ကာ ကျေးလက်နေ ပြည်သူများအတွက် ချက်ချင်းဝင်ငွေများရရှိစေရန် လုပ်အားခများပေးချေသည့် အစီအစဉ်ဖြစ်ပါကြောင်း မြို့နယ် ဦးစီးမှူး ဦးမြသိန်းဝင်းထံမှ သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)