မလှိုင် ဩဂုတ် ၁၇
၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်တွင် မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် ထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)၊ စီမံကိန်းမိတ်ဆက်ရှင်းလင်း ခြင်းနှင့် လုပ်ငန်းကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့က မလှိုင်မြို့နယ် ရေထွက်ကျေးရွာနှင့် ညောင်အုပ်ကျေးရွာတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၌ ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျော့ချရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံ စေရေးအတွက် စားသုံးဆီတိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက် လျှက်ရှိပါကြောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရန် အတွက် ဆီထွက်သီးနှံ စိုက်ပျိုးသည့်တောင်သူများ လိုအပ်သော မျိုးစေ့၊ သွင်းအားစုနှင့်လိုအပ်သော စိုက်ပျိုးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ဒီစီမံကိန်းကို ဆောင်ရွက် ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစုက မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ ) နှင့်ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းပြီး အဆိုပါစီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေထိမ်းသိမ်းရေးကော်မတီများ ဖွဲ့စည်းရမည်ဖြစ်ပါကြောင်း၊ တောင်သူကြီးများအနေဖြင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းပေးနိုင်ရန် ကော်မတီဝင်များ ရွေးချယ်ပေးပါရန် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများ၏ အများဆန္ဒနှင့်အညီ ဦးဝင်းအောင် (ဥက္ကဋ္ဌ) အဖြစ် ပါဝင်သောအဖွဲ့ဝင် (၁၁) ဦးကို ဖွဲ့စည်းပေးခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစန်းယုက ဆီထွက်သီးနှံနေကြာ မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်နည်း စနစ်မှန်ကန်စေရေး၊ စိုက်ဧကတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆီစားသုံးမှုဖူလုံစေရေးနှင့် အရည် အသွေး ပြည့်မီစေရေးအတွက် တောင်သူများအား အသိပညာပေးဟောပြောခဲ့သည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) အကောင်အထည်ဖော်ဆောင်ရွက်မည့် ရေထွက်ကျေးရွာသည် အိမ်ခြေ (၁၈၇) အိမ်၊ လူဦးရေ (၁ဝ၈၇) ဦး ရှိကြောင်းသိရပြီး အရင်းမပျောက် မတည်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးသွားမည်ဖြစ်သည်။ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) စီမံကိန်းနှင့်ပတ်သက်၍ အိမ်ခြေ(၁ဝဝ)နှင့် အထက်ရှိလျှင် ငွေကျပ်သိန်း(၃ဝဝ) ၊(၅၁ မှ ၁ဝဝကြား) ရှိလျှင်ငွေကျပ်သိန်း(၂ဝဝ) ၊ (၅ဝ) အောက်ရှိလျှင် ငွေကျပ်သိန်း(၁ဝဝ) အရင်းမပျောက်မတည် လည်ပတ် ရန်ပုံငွေ များထုတ်ချေးပေးသွားမည် ဖြစ်ကြောင်းသိရသည်။ အလားတူ အဆိုပါနေ့ညနေပိုင်းတွင် ညောင်အုပ်ကျေးရွာသို့ သွားရောက်၍ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းကော်မတီဖွဲ့စည်းခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရပြီး မလှိုင်မြို့နယ် တွင် ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ကို (၆) ရွာ အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)