ကလော ဩဂုတ် ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာန၊ အမှတ်(၅)အခြေခံပညာမူလတန်းကျောင်းတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအမှတ်(၅)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီဝင်းက အဖွင့်အမှာစကားပြောကြားပြီး ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကလောမြို့နယ်စာရေးဆရာအသင်းမှ ဆရာချမ်းမြဆောင်းနှင့် ဆရာမမြသီတာစန်းတို့က စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးကို ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ကလေးသူငယ်အလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုတားစီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်များပြသလျက်ရှိရာ အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူ(၃၀)ဦးတို့က စိတ်ပါဝင်စွာ ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရှိရသည်။
ကျော်ဝင်း(ပြန်/ဆက်)