ရေကြီးရေလျှံမှုဖြစ်ပွားရာ နေရာများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

မုဒုံ သြဂုတ် ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားရာ မြေနိမ့်ပိုင်းနေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုကို မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များက ကြီးကြပ်ကာ  နယ်မြေခံတပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက လူ၊ ပစ္စည်များကို ရေယာဉ်များဖြင့် ကူညီပြောင်းရွှေ့ပေးခြင်း၊ ဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရန် ကူညီဆောင်ရွက်ပေးခြင်းနှင့် လိုအပ်သည့် အကူအညီများကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့်  မုဒုံမြို့  မြို့မ (၄) ရပ်ကွက် အုတ်ကျင်းရပ် ၊ မုဒုံ၊ ဦးရပ်၊ ဘဲရမ်း - ကွမ်တာ ကျေးရွာချင်းဆက်လမ်း မြေနိမ့်ပိုင်းနေရာများရှိ နေအိမ်များအတွင်းသို့ ရေအမြင့် နှစ်ပေခန့် ဝင်ရောက်ခဲ့ကြောင်း၊  အိမ်ထောင်စု  ၅၇ စု၊ လူဦးရေ  ၂၂၁  ဦး အား မြို့မ(၄)ရပ်ကွက်  အောင်သိဒ္ဓိဘုန်းကြီးကျောင်း၌လည်းကောင်း၊  အိမ်ထောင်စု ၂၇ စု၊ လူဦးရေ ၇၆ ဦးအား  အ.မ.က (မုဒုံဦး) စာသင်ကျောင်း၌ လည်းကောင်း ယာယီပြောင်းရွှေ့ပေးခဲ့ကြောင်းနှင့် နေထိုင်သူများ၏ စားဝတ်နေရေးအတွက် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် လူမှုရေးအသင်းများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သားငယ် (မုဒုံ)