ရန်ကုန်၊ စက်တင်ဘာ ၁၂
ရန်ကုန်(ပန်းဆိုးတန်း/ဒလ) ကူးတို့ဆိပ်ကမ်းသည် အနယ်နယ်အရပ်ရပ်မှ ခရီးသွားမိဘပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းနှင့် အထွေထွေလုပ်သားပြည်သူများစွာတို့ကို စီးပွားရေးမြို့တော်ရန်ကုန်မြို့သို့ နေ့စဉ်ကူးတို့ ပို့ဆောင်ပေးလျက်ရှိသော ဆိပ်ကမ်းတစ်ခုဖြစ်ရာ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်တားဆီးနိုင်ရေးနှင့် ခရီးသည်သွားလာမှုနည်းပါးခြင်းတို့ကြောင့် ယနေ့မှစတင်ပြီး အသွား (၃၀) ခေါက်၊ အပြန် (၃၀) ခေါက်နှုန်းဖြင့် အခေါက်ရေလျော့၍ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်း ပေါ်ဌာနခွဲ) မှ ယမန်နေ့ညပိုင်းက သိရှိရသည်။
“ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များရှိ ပြည်သူများနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူများစွာတို့သည် ရန်ကုန်မြို့သို့ ကူးသန်းသွားလာရာတွင် ဝင်ပေါက်၊ ထွက်ပေါက်နေရာတစ်ခုဖြစ်သည့် ဒလမြို့နယ် သင်္ဘောဆိပ်ကမ်းမှတစ်ဆင့် ကူးသန်းသွားလာကြကြောင်း၊ ယခင်က ပုံမှန်အသွား(၄၆)ခေါက်၊ အပြန်(၄၆)ခေါက်နှုန်းဖြင့် ရန်ကုန်(ပန်းဆိုးတန်း-ဒလ)ကူးတို့ရေယာဉ်ဆိပ်ကမ်း၌ ချယ်ရီသင်္ဘော(၃)စီးဖြင့် ခရီးသည်များ အဆင်ပြေစေရေးအတွက် ကူးတို့ပြေးဆွဲ ခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု များပြားလာမှုနှင့် ဒလမှ ဧရာဝတီတိုင်း ဒေသကြီးသို့ မော်တော်ယာဉ်လိုင်းများ သွားလာမှု ပိတ်ထားခြင်း၊ တိုင်းကျော်သွားလာခြင်းတို့ကို ပိတ်ထား ခြင်းကြောင့် ခရီးသည်လိုက်ပါမှု လွန်စွာနည်းပါး လာသဖြင့် ခရီးသွားပြည်သူများ အဆင်ပြေစေရေးအတွက် သင်္ဘောခရီးစဉ်များကို ပုံမှန်ထက် အခေါက်ရေ (၁၆) ခေါက်လျော့ပြီး ပြေးဆွဲပေးခြင်းဖြစ်ကြောင်း” ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်ပသို့ ခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းကူးစက်မှု များပြားလာခြင်းကြောင့် တိုင်းဒေသကြီးအတွင်း Stay at Home သတ်မှတ်ထားသော မြို့နယ်အပါအဝင် မြို့နယ်(၄၄)မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ) တွင် နေထိုင်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် အရေးကြီး ကိစ္စရပ်များမှအပ ကာလအတွင်း တိုင်းဒေသကြီး ပြင်ပသို့ စက်တင်ဘာလ ၁၁ ရက်နေ့မှစတင်ပြီး အောက်တိုဘာလ ၁ ရက်နေ့အထိ ခရီးသွားရောက်ခြင်းမပြုရန် တားမြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိပေးကြေညာထားကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)