ကျောက်ဖြူ ဩဂုတ် ၁၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက်(၁၁)နာရီအချိန်က (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့သည်။
အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းက (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရန်အတွက် ပြိုင်ပွဲကျင်းပရေး ကော်မတီများအဖွဲ့(၅)ဖွဲ့ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ကော်မတီများအနေဖြင့် မိမိတို့ကျရာ အခန်းကဏ္ဍများတွင် အကောင်းဆုံးပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။ ယင်းနောက် လေ့ကျင့်ရေးနှင့် ပြိုင်ပွဲကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ဇူလိုင်လ ဒုတိယအပတ်မှစ၍ ပြိုင်ပွဲဝင်ကလေးများအား လေ့ကျင့်ပေး လျက်ရှိပါကြောင်း၊ အခြေခံအဆင့် အဆိုပြိုင်ပွဲအတွက် အသက် (၁၀)နှစ် မှ (၁၅)နှစ် အမျိုးသား/ အမျိုးသမီး (၁၃) ဦး၊ အသက် (၁၅) နှစ်မှ(၂၀)နှစ် အမျိုးသား/ အမျိုးသမီး (၄) ဦး၊ အဆင့်မြင့်ပညာအဆင့် အမျိုးသား/ အမျိုးသမီး (၃) ဦး၊ ဝါသနာရှင် ဒုတိယအဆင့် အမျိုးသား/အမျိုးသမီး (၆) ဦး စုစုပေါင်း (၂၆)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ ရန်ပုံငွေရှာဖွေရေးလုပ်ငန်းကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေးကော်မတီနှင့် သက်ဆိုင်ရာကော်မတီများက အသီးသီး ဆွေးနွေးတင်ပြဆွေးနွေးကြသည်။
ထို့နောက် ကော်မတီများတင်ပြခဲ့ကြသည့် ပြိုင်ပွဲဝင်များဆုချီးမြှင့်နိုင်ရေး၊ ပြိုင်ပွဲနှင့်ပတ်သက်၍ လိုအပ်ချက်များ၊ ပြည်နယ်အဆင့်သွားရောက် ယှဉ်ပြိုင်နိုင်ရေးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အကောင်းဆုံးဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ အဆိုပါ (၂၃)ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ဩဂုတ်လ(၂၈) ရက်နေ့တွင် မြို့နယ်အဆင့် ကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း