ကျောက်ဖြူ ဩဂုတ် ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများဖြစ်သည့် ငလုံးစုကျေးရွာအုပ်စုမှ တောင်ရင်းကြီးကျေးရွာ၊ ကျောက်ဆိပ်ကျေးရွာနှင့် အဟောင်းတောင်ကျေးရွာများသို့ ဆိုလာ(၉၆)စုံ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်မှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစံက မိမိတို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆိုလာများ ထောက်ပံ့လှူဒါန်းရသည့် အကြောင်းအရာများ၊ ဆိုလာပစ္စည်းများ သုံးစွဲရာတွင် လမ်းညွှန်စာအုပ်ပါအတိုင်း စနစ်တကျ အသုံးပြုကြရန်နှင့် မိမိတို့ရရှိလာသည့် ပစ္စည်းများကို နည်းစနစ်မှန်မှန်ဖြင့် စနစ်တကျရိုသေစွာအသုံးပြုကြရန် စသည့် ဆိုလာများ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများမှ ဆိုလာ(၉၆)စုံအား ကျေးရွာသူ၊ ကျေးရွာသားများထံသို့ ထောက်ပံ့ ပေးအပ်ရာ ကျေးရွာသူ၊ ကျေးရွာသားများကိုယ်စား ကျေးရွာသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ငလုံးစုကျေးရွာအုပ်စု၊ တောင်ရင်းကြီးကျေးရွာဆရာတော် ဦးသုဘောဂနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဝန်ထမ်းများ၊ ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း