နမ့်ခမ်း ဩဂုတ် ၁၇
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေးအသင်းတို့က ယနေ့နံနက်(၁၁)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က နမ့်ခမ်းမြို့သည် တောင်ကုန်းပတ်လည်အောက်တွင်တည်ရှိပြီး ရွှေလီမြစ်နှင့် နီးစပ်သည့် မြို့တစ်မြို့ဖြစ်သည့်အတွက် မိုးကြီးခြင်း၊ ရေကြီးခြင်းနှင့်လေကြီးခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နမ့်ခမ်းမြို့၏ ဒေသဆိုင်ရာအချက်အလက်များ၊ သဘာဝဘေးအန္တရာယ်မကျရောက်မီကာလ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေ၊ သဘာဝဘေးအန္တရာယ်ကျရောက်စဉ်ကာလ ပြည်သူများအား ဘေးအန္တရာကင်းလွတ်ရာ နေရာများဖြစ်သည့် ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံးများ၊ ရပ်ကွက်ခန်းမများ ပြောင်းရွှေ့နေရာချထားနိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမည့်ခြေအနေများ၊ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးပါက ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ မြို့ပေါ်ရပ်ကွက်အတွင်း ဖြတ်သန်းစီးဆင်းသည့် ချောင်းများနှင့်ရေမြောင်းများကို ရေပိတ်ဆို့မှုမရှိစေရန် ချောင်း/မြောင်းများ ဆည်ယူခြင်း၊ တူးဖော်ခြင်း၊ အမှိုက်များဆည်ယူခြင်း၊ သစ်ပင်၊ ခြုံပင်များခုတ်ယူရှင်းလင်းခြင်း၊ အပတ်စဉ်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် စသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သဘာဝေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်သည့် ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည့် ကာကွယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်စုဆောင်းထားရှိနိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ် ရပ်ကွက်(၁၄) ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေးအသင်းများက တက်ရောက်ပြီး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း)