သီပေါ ဩဂုတ် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မိုးတေကျေးရွာအုပ်စု၊ မန်မိုင်ကွန်စံလိတ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီ ကပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကြက်ခြေနီ အသင်းခွဲတပ်ဖွဲ့မှူး ဒေါ်နန်းခင်ညွန့်လူက မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တပ်ဖွဲ့ဝင်များက ပေါက်ကွဲစေတတ်သောပစ္စည်းများ၊ မိုင်း၊ မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေနိုင်သော စစ်လက်နက် အကြွင်းအကျန်များအကြောင်း၊ အဆိုပါပေါက်ကွဲစေနိုင်သောပစ္စည်းများကြောင့် ဘေးအန္တရာယ်ကျရောက် ထိခိုက်နိုင်မှုများကို ဗွီနိုင်း၊ ပိုစတာများဖြင့် ရှင်းလင်းအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အသိပညာပေးဟောပြောပွဲသို့တက်ရောက်လာသော ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားပေးခဲ့ကြောင်းနှင့် အဆိုပါ မိုင်းအန္တရာယ်အသိပညာပေးခြင်းလုပ်ငန်းများ ကိုမြို့နယ်အတွင်းရှိကျန်ရှိနေသောကျေးရွာများတွင် ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြိုနယ်ကြက်ခြေနီအသင်းခွဲမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)