သံဖြူဇရပ် သြဂုတ် ၁၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ လုပ်ငန်းညိုနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က ရုံးဌာနများ အနေဖြင့် မိမိရုံးလုံခြုံရေးကို အလေးထားဆောင်ရွက်ကြစေရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ကာကွယ်ဆေး ထိုးနှံခြင်းများကို ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများ ကျန်ရှိမှုမရှိစေရန် ကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကြစေရေး၊ ရပ်ကွက်/ကျေးရွာများမှ မိုးစပါးစိုက်ပျိုးဧက ပြည့်မှီနိုင်ရန်နှင့် မြေသြဇာများ ဝယ်ယူနိုင်ရေး၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းနှင့်ဝန်း သန့်ရှင်းရေးများကို အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့တိုင်း စာသင်ကျောင်းများနှင့် မိမိတို့ရုံးဌာနများ သန့်ရှင်းရေးပြုလုပ်ကြရန်၊ မိုး လေဝသသတင်းများ အဆက်မပြတ် နားထောင်ပြီး သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရေကြီး ရေလျှံမှု လျှော့နည်းစေရန် ရေမြောင်းများ ပိတ်ဆို့မှုမရှိစေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေ ရေးပြုလုပ်ကြရန်နှင့် အိမ်ထောင်စုလူဦးရေစာရင်း(၆၆/၆)Severရိုက်သွင်းခြင်းလုပ်ငန်းကို အချိန်မီပြီးစီးနိုင်ရေး ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးသက်ထွန်းဦးက မိမိရုံးဌာနများအနေဖြင့် မိမိရုံးလုံခြုံရေးကို အလေးထား ဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာများမှ ပူးပေါင်း၍ မြို့ဝင်/မြို့ထွက်ဂိတ်များတွင် စုပေါင်း စစ်ဆေးခြင်းများကို အလေးထား ဆောင်ရွက် ကြရန် ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးခင်မောင်ထွန်းမက လုံခြုံရေးဆိုင်ရာအကြောင်းအရာများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေး ရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန် ဆွေးနွေးရာ တာဝန်ရှိသူမှလည်း ပြန်လည် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
အေးအေးသီ(ပြန်/ဆက်)