တာချီလိတ်၊ စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက မြို့၏အဝင်အထွက်ဂိတ်နေရာများတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း လက်ကမ်းစာစောင်များ၊ Mask များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဒေသတွင်း ကိုဗစ်-၁၉ ကူးစက်ခြင်း ကြိုတင်ကာကွယ်နိုင်ရေး မြို့တွင်းသို့ ဝင်ထွက်သွားလာသူများအား ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း၊ ပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူခြင်း၊ ကပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
လက်များကို မကြာခဏဆေးကြရန်၊ မဖြစ်မနေနေအိမ်ပြင်ပသို့ ထွက်ရပါက Mask ကို စစ်နစ်တကျ တပ်ဆင်သွားရန် သတိပေးခြင်းနှင့် Mask များ၊ လက်ဆေးဆပ်ပြာများကို ဖြန့်ဝေပေးခဲ့ကြသည်။
အသိပညာပေးဆောင်ရွက်ခြင်းကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးမှဦးဆောင်ပြီး ခရိုင်ရဲတပ်ဖွဲ့၊ ယာဉ် ထိန်းရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မဇ္ဇျိမလူမှုကူညီရေး အသင်း၊ အလင်းရောင်ပရဟိတလူမှုကူညီရေးအသင်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့ volunteer အဖွဲ့များက တာချီလိတ်-ကျိုင်းတုံမြို့ဝင် မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်၊ တာချီလိတ်-မိုင်းဆတ် မြို့ဝင်လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် မြို့တွင်းလူစည်ကားရာ လမ်းဆုံလမ်းခွများ၊ မီးပွိုင့်များတို့အပြင် မော်တော်ကားကိုအသုံးပြုပြီး အသံချဲ့စက်ဖြင့် ရပ်ကွက်တွင်း၌ လိုက်လံအသိပညာပေးဆော်ဩခြင်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ယာဆေး(ပြန်/ဆက်)