ပုဗ္ဗသီရိမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာပေချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ စာဖတ်ဝိုင်းကျင်းပ

ပုဗ္ဗသီရိ မတ် ၁၂

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာပေ ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍  စာရေးဆရာအောင်သင်း၏ "နှလုံးသားကို လေးပေါ် တင်၍ ပစ်သောအခါ" စာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကိုယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သန္တာလင်းက ယခုကဲ့သို့ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ကျင်းပလျက်ရှိပြီး အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာပေ ဖတ်ရူဆွေးနွေးသည့် အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ စာကြည့်တိုက်တွင် အသင်းဝင်ကတ်ပြုလုပ်၍ စာအုပ်စာစောင်များကို (အခမဲ့) ငှားရမ်းဖတ်ရူနိုင်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက် ၍ မြို့နယ်စာပေချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့မှ စာရေးဆရာဦစိန်ဝင်း (စိန်ဝင်းနွယ်) က "ကံဆိုးတိုင်း မိုးမမှောင်ပါ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးခင်မောင်ကျော် (ရဲမွန်ကျော်) က "ခွန်အားစွမ်းပကား ကြီးသောသူ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးမြင့်ဦး(ဗန္ဓုလမြေ)က "စာတတ်ဖို့ စာဖတ်စို့" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးဘိုသန်း (ဘုန်းရဲနိုင်ဂန့်ဂေါ) က "တကယ့်နိုင်ငံရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးရဲလင်းအောင် (မောင်လေပြေတောင်တွင်း)က "ဖတ်ဖို့ကျင့်ဖို့" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသောကျောင်းသား ကျောင်းသူများနှင့် စာပေဝါသနာရှင်များက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ စာရေးဆရာများက ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့သည်။

ယင်းနောက် ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ပြသထားသော စာအုပ်စာစောင်များ၊ ကလေးအလုပ်သမား ပပျောက်ရေး၊ ကိုရိုနာဗိုင်းရစ်ပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ နံရံကပ်စာစောင်များနှင့် ပြတိုက်ငယ် (Mini Museum) ရှိ တိုင်းရင်းသားလူမျိုးများ၏ အသုံးအဆောင်များ၊ လက်မှုပစ္စည်းများ၊ ဒေသထွက်ပစ္စည်းများကို စာရေး ဆရာများ၊ စာပေဝါသနာရှင်များနှင့်ကျောင်းသား ကျောင်းသူများက လေ့လာကြည့်ရူခဲ့ ကြောင်းသိရ သည်။

ကံချွန်(ပြန်/ဆက်)