လားရှိုး ဩဂုတ် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အမှတ်(၅၆) စက်မှုလယ်ယာစခန်းတွင် ဖွင့်လှစ်လျက်ရှိသည့် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှုသင်တန်းတွင် တက်ရောက်လျက်ရှိသည့် သင်တန်းသားများသည် လယ်ယာသုံးစက်ကိရိယာများကို လက်တွေ့စမ်းသပ်မောင်းနှင်ခြင်းများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
လယ်ယာသုံးစက်ပစ္စည်းများ လက်တွေ့စမ်းသပ်မောင်းနှင်ခြင်းကို လားရှိုးမြို့နယ်၊ မန်းပွဲကျေးရွာ အုပ်စုနှင့်နောင်မွန်ကျေးရွာအုပ်စုတို့ရှိ လယ်ယာမြေများတွင် ဆောင်ရွက်လျက်ရှိပြီး စာတွေ့သင်ခန်းစာများကို အမှတ်(၅၆) စက်မှုလယ်ယာစခန်းရှိ သင်တန်းခန်းမတွင် သင်ကြားပို့ချပေးလျက် ရှိနေကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ဩဂုတ်လ ၁၅ ရက်နေ့မှ ၂၆ ရက်နေ့ထိ ရက်သတ္တပတ် နှစ်ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် ဒေသတွင်း အသုံးပြုမှုများပြားသည့် ထွန်စက်ကြီးလက်တွေ့ မောင်းနှင်ထိန်းသိမ်းနည်း၊ လက်ကိုင်းရှည်လက်တွန်းထွန်စက် တစ်လုံးထိုးအင်ဂျင်နှင့်ဂီယာပေါက် မောင်းနှင်ထိန်းသိမ်း ပြုပြင်နည်းကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း (၁/၂၀၂၂) သို့ လားရှိုးမြို့နယ်၊ မန်းပွဲလုံကျေးရွာအုပ်စု (၁၂)ရွာမှ တောင်သူသင်တန်းသား (၃၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)