ကျောက်ဆည် ဩဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်လွဲ(၂) နာရီက ကလေးသူငယ်အခွင့်အရေးများနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်ညိုအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုးက ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေများ၊ အသက်နှင့်စပ်လျင်းသည့် ပြဌာန်းချက်များ၊ ကလေးသူငယ်အပေါ်အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်း၊ မသန်စွမ်းသူကလေးသူငယ်များရရှိနိုင်သောအခွင့်အရေးများ စသည့်အကြောင်းအရာများ ကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်ပြီး ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်း ဝင်းက မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ လေပြင်းဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြို ဘေး၊ မိုးခေါင်ရေရှားဘေး အန္တရာယ်များနှင့်ကြိုတင်ကာကွယ်ရေးနည်းလမ်းများအကြောင်းများ အသိပညာပေးဟောခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)