ပျော်ဘွယ် ဩဂုတ် ၁၇
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်တွင် လာရောက်ဖတ်ရှုလေ့လာ အသုံးပြုလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်အတွက် အားကစားပြိုင်ပွဲငယ်များ ကျင်းပပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ ကြောင်းသိရသည်။
“ယနေ့ ကျင်းပပြုလုပ်ပေးတဲ့ပြိုင်ပွဲလေးတွေက ကျွန်မတို့မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ကို လာရောက်ဖတ်ရှုအသုံးပြုနေတဲ့ ကျောင်းသား၊ ကျောင်းသူ လူငယ်လေးတွေကို ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်သန်စွမ်းစေဖို့၊ စိတ်အေးချမ်းကြည်လင်တက်ကြွစေဖို့၊ အသင်းအလိုက် ပူးပေါင်း ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းတွေရရှိစေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ပေးခြင်းဖြစ်ပါတယ်” ဟု မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ရှင်းပြသည်။
ဆက်လက်၍ အသင်းလိုက် ပူပေါင်းသယ်ဆောင် ကစားနည်း၊ နှစ်ယောက်တွဲခွက်ရွှေ့နင်း ကစားနည်းတို့ကို ကျင်းပပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး (ပျော်ဘွယ်)