မိတ္ထီလာ သြဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးသွားနိုင်ရန် ဆီထွက်သီးနှံစိုက်ပျိုးမည့် ကျေးရွာ ၁၄ ရွာမှ ဒေသခံတောင်သူများအား မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ သိန်း ၂၇၀၀ ကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးသွားနိုင်ရန် မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှု အောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ ဆီထွက်သီးနှံစိုက်ပျိုးမည် ကျေးရွာများ အား မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးသွားမည်ဖြစ်သည်။ ယင်းမြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးရာတွင် ကျေးရွာရှိအိမ်ထောင်စု၊ ဆီထွက်သီးနှံစိုက်ပျိုး သောတောင်သူနှင့် စိုက်ဧကများအပေါ်လိုက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ရာ မိတ္ထီလာခရိုင်အတွင်းရှိ ဆီထွက်သီးနှံစိုက်ပျိုးမည့် ကျေးရွာ ၁၄ ရွာတွင် ဆီထွက်သီးနှံစိုက်ပျိုးသောတောင်သူ ၁၀၀ အထက်ရှိသည့် ကျေးရွာ ၆ ရွာအား ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်ကျေးရွာစီမံ ကိန်းရန်ပုံငွေ သိန်း ၃၀၀ ထုတ်ချေးသွားမည်ဖြစ်ပြီး ဆီထွက်သီးနှံစိုက်ပျိုး သောတောင်သူ ၅၀ နှင့် ၁၀၀ ကြားရှိ ကျေးရွာတစ်ရွာအား မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ သိန်း ၂၀၀ ထုတ်ချေးသွားမည်ဖြစ်သည်။ ၎င်းအပြင် ဆီထွက်သီးနှံ စိုက်ပျိုးသောတောင်သူ ၅၀ အောက်ရှိကျေးရွာ ၇ ရွာအား ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ သိန်း ၁၀၀ ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် စီမံကိန်းကျေးရွာများမှ ဒေသခံတောင်သူများက ဆီထွက်သီးနှံဖြစ်သည့် နေကြာကို အဓိကစိုက်ပျိုးသွားမည်ဖြစ်ပြီး မြေပဲ၊ နှမ်းနှင့် အခြားဆီထွက် သီးနှံများကိုလည်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)