ညောင်ဦး ဩဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော ကောင်းပင်စည်မြောက်တဲတိုက်နှင်စုတည်ကျေးရွာသို့ သောက်သုံးရေအလှူရှင် ဦးလူချစ်နှင့် မိတ်ဆွေများအဖွဲ့က ယနေ့နံနက် ၉ နာရီခွဲအချိန်က သောက်သုံးရေသွားရောက်လှူ ဒါန်းခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများ၊ တဲတိုက်များသည် မြေသားမိုးရေ လှောင်ကန်များ၊ စက်ရေတွင်းများနှင့် အလှူရှင်များလှူဒါန်းသည့် သောက်သုံးရေကို မှီခိုအားထားနေရသည့် ကျေးရွာအများစုရှိနေသေးကြောင်း၊ ညောင်ဦးမြို့နယ်တွင် တစ်နှစ် ပတ်လုံးမှ မိုးရေချိန် ၂၄ လက်မအောက်သာ အမြဲရွာသွန်းသည့် အပူပိုင်းခြောက်သွေ့ဒေသ ဖြစ်ကာ မိုးရွာသွန်းမှုနည်းသည့်နှစ်များတွင် မြေသားမိုးရေကန်များ၌ ရေဝင်ရောက်မှုနည်းပြီး သောက်သုံးရေခက်ခဲမှုဖြစ်ပေါ်လေ့ရှိကြောင်း၊ သောက်သုံးရေအလှူရှင်များ လှူဒါန်းသည့် ရေကို တဲတိုက်များ မှီခိုအားထားနေရကြောင်းလည်း သိရသည်။ အညာဒေသတွင် တဲတိုက် အခေါ်အဝေါ်သည် ထန်းတောင်သူများ ထန်းလုပ်ငန်းလုပ်ကိုင်ချိန် ထန်းတောများသို့ ပြောင်းရွေ့ ထန်းလုပ်ငန်းလုပ်ကိုင်ရာမှ ရွာတဲသို့ပြန်လည်ပြောင်းရွေ့ခြင်းမရှိကြတော့ပဲ ရေကြည်ရာ မြာက်နုရာအဖြစ် တစ်တဲစ၊ နှစ်တဲစနေထိုင် လုပ်ကိုင်စားသောက်နေထိုင်ရာမှ တဲတိုက် (အိမ်ခြေများ) များပြားလာကာ အချို့တဲတိုက်များတွင် အိမ်ခြေ ၅၀၊ ၆၀ ထိရှိလာခဲ့ကြောင်း သိရပြီး သောက်သုံးရေ ဂါလန် ၃၉၀၀ လှူဒါန်းခဲ့ကြောင်းသိ ရသည်။
ကိုကြေးမုံ