သံတွဲ သြဂုတ် ၁၇
(၂၃)ကြိမ်မြောက်ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီ (၂၃)ကြိမ်မြောက် ခရိုင်အဆင့် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။
၎င်းနောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်သိန်း (အတီးပညာရှင်)က ပြိုင်ပွဲအဆင့်အလိုက်ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များ၏ အခြေအနေများ၊ မြို့နယ်အဆင့်စခန်းသွင်းလေ့ကျင့်နေမှုများ၊ ခရိုင်အဆင့် စခန်းသွင်းလေ့ကျင့်မှုဆောင်ရွက်ရန် လိုအပ်ချက်များ အသေးစိတ်ကို ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ကော်မတီ ဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်းနှင့် ခရိုင်အဆင့်ပြိုင်ပွဲကို သြဂုတ်လ ၃၀ ရက်၊ နေ့လယ်(၁) နာရီတွင် သံတွဲမြို့နယ်၊ ဒွါရာဝတီခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်