လားရှိုး ဩဂုတ် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ရပ်ကွက်များရှိနေအိမ်များအတွင်းသို့ ခြင်ဆေးဖျန်းခြင်းများ၊ အဘိတ်ဆေးခပ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိနေကြောင်း သိရသည်။
မိုးရာသီတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းအန္တရာယ်မှ ကင်းဝေးစေရန်အတွက် ခြင်ဆေး ဖျန်းခြင်းကို လားရှိုးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးကြပ်ကာ မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားမှုရှိသည့် အိမ်ပတ်ဝန်းကျင်များ ခြင်ခိုအောင်းနိုင်သည့် နေရာများသို့ ကွင်းဆင်းကာ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။
ယခုနှစ် မိုးရာသီကာလအတွင်း လားရှိုးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူတစ်ဦးရှိခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခဲ့သူ (၇၀) ဦးကျော်ရှိခဲ့ကြောင်း လားရှိုးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရသိရသည်။
လားရှိုးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မိုးရာသီကာလအတွင်း လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်းနှင့် အခြေခံပညာကျောင်းများသို့ သွားရောက်ကွင်းဆင်းကာ အဘိတ်ဆေး ခတ်ခြင်းများ၊ ရေစည်၊ ရေအိုးများတွင် ခြင်ခိုအောင်းမှုမရှိစေရန် ဖုံးထားခြင်း၊ရေစည်၊ရေအိုးများ၏ အတွင်းပိုင်းကို တစ်ပတ်တစ်ကြိမ်တိုက်ချွတ်ဆေးကြောပြီး သွန်စေခြင်း၊ဘုရားပန်းအိုး၊ အလှပန်းအိုး များကို တစ်ပတ်နှစ်ကြိမ် တိုက်ချွတ်ဆေးကြောပြီး ရေလဲစေခြင်း၊ရေရှားပါးသော နေရာဒေသများတွင် ပိုးလောက်လန်းပါသော ရေများကို ရေစစ်ဖြင့် ရေလဲစေခြင်းများပြုလုပ်ရန် ကွင်းဆင်း၍ အသိပညာပေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)