ပုဇွန်တောင် ဩဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင် က ဌာနဆိုင်ရာများအနေဖြင့် လုံခြုံရေးအရေးကြီး၍ ဂရုစိုက်ဆောင်ရွက်ကြရန်လိုကြောင်း၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မိမိတို့မြို့နယ်အတွင်း ပြည်သူအားလုံး ရာခိုင်နှုန်းပြည့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ လတ်တလော ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အားလုံးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန်၊ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ၆၆/၆) ရေးသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်မှုများလည်း သတ်မှတ်ချိန်၊ သတ်မှတ်ရက်မှာ ပြီးမြောက်အောင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် စစ်ကြောင်းမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ လုံခြုံရေးအတွက် သတိထားဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ မြို့နယ်လဝကမှူးမှ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ ၆၆/၆) အချက်အလက်များကို e-ID စနစ်ဖြင့် ကွန်ပျူတာနှင့် Software ရေးသွင်းခြင်းများ ဆောင်ရွက်မှုအခြေအနေများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အခြေအနေများ စသည့်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ လုပ်ငန်းများပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တင်ပြဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်