ချောင်းဆုံ ဩဂုတ် ၁၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် သဘာဝဘေးကျရောက်လာပါက ကူညီကယ်ဆယ်ဆောင်ရွက်နိုင်ရေး သဘာဝဘေးအန္တရာယ်ခံစားမှု လျော့ပါးစေရေးအတွက် ယမန် နေ့ နံနက်က ချောင်းဆုံမြို့နယ် ကျွန်းသာယာခန်းမတွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန် ထမ်း လူငယ်(ဆင့်ပွား)သင်တန်းကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက အမှာစကား ပြောကြားရာတွင် ယနေ့ပို့ချသည့် သင်တန်းတွင် သဘာဝဘေးနှင့်ပတ်သက်ပြီး မဖြစ်ခင်၊ ဖြစ်စဉ်ဖြစ်ပြီးနောက် ဆောင်ရွက်ရမည့် အချက်အလက်များကို သေချာလိုက်နာ မှတ်သားပြီး ပြည်သူကြားတွင် ထဲထဲဝင်ဝင်ပြန့်နှံ့ပြီး ဆောင်ရွက်သွားနိုင်ရန် ယုံကြည်ပါကြောင်း ပြောကြားပြီး မွန်ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိူးဝေဝင်းက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝေါဟာရများနှင့် သဘောတရားများကို သိရှိနားလည်ခြင်း၊ မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်များအကြောင်း၊ မြန်မာနိုင်ငံမိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ အန္တရာယ်များ၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုချဉ်းကပ်နည်းများ၊ မြန်မာနိုင်ငံမီးဘေးအန္တရာယ်များ၊ ကြက်ခြေနီအကြောင်းသိကောင်းစရာနှင့် ရှေးဦးသူနာပြုစုခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများကို စာတွေ့/လက်တွေ့ ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ သင်တန်းသား/သူ (၃၀)ဦးအား (ကျန်းမာရေး၊ မီးသတ်၊ ကြက်ခြေနီ၊ ဘေး/စီမံ)ဌာနတို့မှ နည်းပြဆရာ(၇)ဦးဖြင့် ယမန်နေ့မှ (၁၈)ရက်နေ့အထ (၃)ရက်ကြာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)