မြေပုံမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူး/ရိုးရိုးဖြင့် အောင်မြင်သော ရဲတပ်ဖွဲ့ဝင်များ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ကြေး ဂုဏ်ပြုဆု ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

မြေပုံ ဩဂုတ် ၁၇

ရခိုင်ပြည်နယ်၊ မြောက်ဉီးခရိုင်၊ မြေပုံမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူး/ရိုးရိုးဖြင့် အောင်မြင်သော ရဲတပ်ဖွဲ့ဝင်များ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ကြေး ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပခြင်းကို ဩဂုတ်လ(၁၅)ရက်နေ့ ညနေ(၄)နာရီအချိန် မြေပုံမြို့မရဲစခန်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ကျော်ဦးမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူး/ရိုးရိုးဖြင့် အောင်မြင်သော ရဲတပ်ဖွဲ့ဝင်များ၏ သား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ရခြင်းအတွက် မိမိအနေဖြင့် ဂုဏ်ယူမိပါကြောင်း၊ ဌာနအနေဖြင့်လည်းကောင်း၊ ပြည်နယ်/ခရိုင်/မြို့နယ်အနေဖြင့်လည်းကောင်း ဂုဏ်ယူစရာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဂုဏ်ပြုဆုချီးမြှင့်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ဂုဏ်ထူး(၁)ဘာသာလျှင် (၁)သိန်းကျပ်နှုန်းဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် ဂုဏ်ထူး(၁)ဘာသာလျှင် (၅)သောင်းကျပ်နှင့် ရိုးရိုးအောင်မြင်သူအား(၅)သောင်းကျပ်တို့ကို မြေပုံမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးတင်သိန်းမောင်၏သမီး (၄)ဘာသာဂုဏ်ထူးရှင် မပွင့်ယုအောင်၊ ရဲတပ်ကြပ် သန်းဌေး၏သား (၁)ဘာသာဂုဏ်ထူးရှင် ဖြိုးသီဟနိုင်၊ ရဲတပ်ကြပ်မောင်ဖြူ၏သမီး (ရိုးရိုးအောင်) မအိဖြူ တို့ကို မြို့နယ်ရဲတပ်ဖွဲ့မှူးမှ အသီးသီးဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

တင်ဝင်း