ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာတွင် အခြေခံသဘာဝ ပတ်ဝန်းကျင် ပညာပေးအစီအစဉ်များ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး

မြစ်ကြီးနား သြဂုတ် ၁၇

မြန်မာပြည်မြောက်ဖျားပိုင်း ရေခဲဖုံးတောင်ကြီးများတည်ရှိပြီး အာဆီယံအမွေအနှစ်ဒေသ တစ်ခုဖြစ်သည့် ခါကာဘိုရာဇီအမျိုးသားဥယျာဉ် တည်ရှိရာ ကချင်ပြည်နယ်၊ နောင်မွန်မြို့နယ်အတွင်း ကျေးရွာ ၁၅ ရွာတွင် သဘာဝပတ်ဝန်းကျင်အကြောင်းကို ပိုမိုသိရှိနားလည်တန်ဖိုးထား၍ ထိန်းသိမ်း ရေးလုပ်ငန်းများတွင် နိုင်ငံတော်နှင့် ပြည်နယ်အစိုးရကို အထောက်အကူပြုစေရန်နှင့် ဒေသခံများ ကိုယ်တိုင် ပူးပေါင်းဆောင်ရွက် လာစေရန်အတွက် ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး၊မလိခခန်းမ၌ အခြေခံသဘာဝ ပတ်ဝန်းကျင်ပညာပေး အစီအစဉ်များ‌ဆောင်ရွက်နိုင်ရေး ကြိုတင်အသိပေး ရှင်းလင်းတင်ပြခဲ့သည်။

ထိုသို့ နောင်မွန်မြို့နယ်အတွင်း အခြေခံသဘာဝပတ်ဝန်းကျင် ပညာပေးအစီအစဉ်များ ဆောင်ရွက်နိုင်ရေး အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ကာလတွင် ကမ္ဘာကြီး ပူနွေးလာပြီး ရာသီဥတုပြုပြင် ပြောင်းလဲမှုဖြစ်စဉ်များကို ပိုမိုတွေ့ရှိလာပါကြောင်း၊ နောင်မွန်မြို့နယ်သည် ရေခဲတောင်များ၊ တောတောင်အရင်း အမြစ်များ၊ သစ်တောများ၊ တောရိုင်းတိရစ္ဆာန်များ၊ ငါးသယံဇာတများ စသည့် ဇီဝမျိုးစုံမျိုးကွဲများ တည်ရှိရာ နေရာတစ်ခုဖြစ်သည့်အပြင် မိမိတို့နိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်စတင်မြစ်ဖျားခံရာ နေရာတစ်ခုဖြစ်သည့်အတွက် ရေရှည် တည်တံ့ခိုင်မြဲအောင် အလေးထားထိန်းသိမ်း ကာကွယ်စောင့်ရှောက် သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် ဌာနေတိုင်းရင်းသားများ၏ အခန်းကဏ္ဍနှင့် အသိပညာပြည့်ဝမှုသည် အရေးကြီးပါကြောင်း၊ သို့ဖြစ်ပါ၍ ယင်းဒေသသို့ အသိပညာပေး လုပ်ငန်းဆောင်ရွက်ပေးမည့် ဦးယုံငိုင်ဖုန်ဦးအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် လိုအပ်သည်များကို ပူးပေါင်းကူညီနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နယူးဇီလန်နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ကိစ္စရပ်များအား ၆ လာကြာ သွား‌ရောက်လေ့လာခဲ့သည့် ဦးယုံငိုင်ဖုန်ဦးက နောင်မွန်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာမှ ပြည်သူ များအား သဘာဝပတ်ဝန်းကျင်ပညာပေးလုပ်ငန်းများအပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေး စာစောင်များနှင့် သစ်ပင်စိုက်ခြင်းလုပ်ရှားမှုများ၊ ပညာပေးဗီဒီယို၊ သီချင်းများဖြင့် ထပ်ဆင့်ဝေမျှ စည်းရုံး လှုံ့ဆော်ပညာပေးဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးများနှင့် ဆက်စပ် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

အဆိုပါ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပူးပေါင်းကူညီ ဆောင်ရွက်နိုင်ရေး ဆက်စပ်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်များ ဆောင်ရွက်ပေးမည့် ဦးယုံငိုင်ဖုန်ဦးအား ထောက်ပံ့ငွေများ ထောက်ပံ့ ပေးအပ်ခဲ့သည်။

ကချင်ပြည်နယ်အတွင်း နောင်မွန်မြို့နယ်သည် သဘာဝရေခဲတောင်ကြီးများ ဖုံးလွှမ်းလျက်ရှိနေပြီး ရေခဲတောင် မြက်ခင်း၊ ထင်းရှုးတော၊ သမပိုင်းစိုစွတ်တော၊ အမြဲစိမ်းတော၊ တောင်ဇလပ်တော အုပ်များဖြင့် စိမ်းလမ်း လျက်ရှိကာ အလွန်ရှားပါး၍ မျိုးတုံးတော့မည့် အန္တရာယ်ကို ရင်ဆိုင်နေရသည့် ပန်ဒါနီ၊ သားမင်း၊ ဖက်ချေ၊ မျောက်လွဲကျော်(လက်ဖြူ)၊ ရေခဲတောင်ဆိတ်၊ ကတိုး၊ ဟိမဝန္တာဝက်ဝံ အစရှိသည့် သတ္တဝါများ ကျက်စားရာ ဒေသတစ်ခုဖြစ်ပြီး သစ်ခွနက်အပါအဝင် အဖိုးတန်ရှားပါးသစ်ခွ များ၊ ရှီုးပတီး၊ ဆားချီ၊ မခြစ်ဥ၊ ရေခဲတောင် ဂျင်ဆင်းနှင့် အခြားဆေးဘက်ဝင်ပစ္စည်းများ များစွာထွက်ရှိ ရာဒေသတစ်ခုဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။

ပြည်နယ် (ပြန်/ဆက်)