ဂွ သြဂုတ် ၁၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ(၁၅)ရက်နေ့ နေ့လည်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့သည် ၂၀၂၂-ခုနှစ်၊ ဇူလိုင်လ၂၇ရက်နေ့၌ အစိုးရမဟုတ်သောအဖွဲ့အစည်း(NGO)နှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်း(INGO)အဖွဲ့အစည်းများနှင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ သိရှိလိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာ ကိစ္စများအား သိရှိလိုက်နာ ဆောင်ရွက်ကြစေရေး၊ မြေပြင်ရှိလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း ကိစ္စရပ်များတွင် သက်ဆိုင်ရာဌာနဆိုင်ရာများက စိစစ်ရမည့်အချက်များရှိပါက ကြိုတင်ဆောင်ရွက်ထားစေရေး၊ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးရာတွင် ထိုးနှံသူများ ကျန်ရှိမှုမရှိစေရေးနှင့် ကာကွယ်ဆေးထိုးနှံမှု မပျက်မကွက် ထိုးနှံဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ဦးတည်အုပ်စု ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ ဂွမြို့နယ်အနေဖြင့် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ၅၅၁၂၆ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ ၄၃၂၃၉ဦးရှိပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူ ၁၁၈၂၇ဦးရှိပြီဖြစ်ပါကြောင်း၊ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိမှု မရှိစေရေး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း/မိသားစုဝင်များလည်း ကိုဗစ်ကာကွယ်ဆေးကို အကြိမ်ပြည့် မပျက်မကွက် ထိုးနှံဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူးမျိုးဇေယျာက မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားမဝင် ခိုးဝင်သူများမရှိစေရေး၊ လက်ရှိတည်ငြိမ်အေးချမ်းသာယာမှုကို မပျောက်ပျက်အောင် ဆက်လက် ထိန်းသိမ်းသွားနိုင်စေရေးတို့ကို ဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်ဌာဆိုင်ရာများက မိမိတို့၏ သက်ဆိုင်ရာဌာနလုပ်ငန်းအခြေအနေများနှင့် ရပ်ကွက်/ ကျေးရွာများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့် အခြေအနေများကိုလည်းကောင်း ၊ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ၎င်းတို့၏ သက်ဆိုင်ရာ ကဏ္ဍများအလိုက် သိရှိလိုသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်