ကျောက်ဆည် ဩဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်အကြောင်း ပိုမိုသိရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီက ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများအနေဖြင့် လမ်းဖြတ်ကူးပါက ဘယ်ကြည့်၊ ညာကြည့်ပြီးလမ်းရှင်းမှကူးကြရန်၊ လူကူးမျဉ်းကျားမှကူးရန်၊ မော်တော် ဆိုင်ကယ်စီးရာတွင် ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ရန်၊ ယာဉ်ကြောပြောင်းပြန်မမောင်းကြရန်၊ လူနှစ်ဦးထက်ပိုမစီးကြရန်၊ အရက်သေစာသောက်စား၍မမောင်းကြရန်၊ သတ်မှတ်ယာဉ်ကြောမှမောင်းနှင်ရန်၊ ရှေ့မှယာဉ်နှင့်ကပ်မလိုက်ရန်၊ လမ်းဆုံ၊ လမ်းကွေ့တွင်အရှိန်လျော့မောင်းရန်၊ လမ်းမကြီးမှယာဉ်ကိုဦးစားပေးရန်၊ လမ်းကွေ့မည်ဆိုပါက ကြိုတင်အချက်ပြမီးပြပြီးမှကွေ့ရန်၊ သို့မှသာယာဉ်အန္တရာယ် ကင်းဝေးမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ (၂၀၂၀)တွင် ပြငှာန်းထားသော ဥပဒေပုဒ်မများအကြောင်းနှင့် ယာဉ်ပျက်လျင်လမ်းဘေးသို့ရွေ့ ရပ်ရန်၊ ယာဉ်တံခါးဖွင့်လျှင် အန္တရာယ်ကင်းမကင်းကြည့်ပြီးမှဖွင့်ရန်၊ အသက်ကယ်ထိုင်ခုံခါးပတ်များ တပ်ဆင်ကြရန်၊ ကျောင်းအနီးတွင် အရှိန်ပြင်းစွာမမောင်းကြရန်၊ ဖြူနီကြားကပ်တုံးဘေးတွင်လုံးဝ ယာဉ် မရပ်ရန်၊ တာဝန်ရှိသူက ယာဉ်ကိုရပ်တန့်ရန်အခက်ပြလျင် ချက်ခြင်းရပ်ရန်၊ ယာဉ်တန်းရှည်ပါက ကျော်တက်မမောင်းကြရန် အသီးသီးအသိပညာပေး ပြောကြားခဲ့ရာ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်မောင်