ဟိုပန် ဩဂုတ် ၁၇
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အသက်(၆)လမှ ငါးနှစ်အတွင်းရှိ ကလေးငယ်များအား သန်ချဆေးနှင့် ဗီတာမင်အေဆေး တိုက်ကျွေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ဟိုပန်မြို့၊ ရပ်ကွက်(၅)ခုရှိ သက်ဆိုင်ရာစုရပ်နေရာများ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ယနေ့တွင် ဟိုပန်မြို့နယ်၊ ရုံးကုန်း၊ ကောင်းဟုန်း၊ မန်ကောင်း၊ မိန်းပန်ရှမ်းနှင့် ဈေးရပ်ကွက် စသည့်ရပ်ကွက်(၅)ခုတွင် မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နန်းစိန်ပွင့်နှင့် တာဝန်ရှိသူများက အသက်(၆)လမှ ငါးနှစ်အတွင်းရှိ ကလေးငယ်များအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ်၍ (၆)လတစ်ကြိမ် ပုံမှန်တိုက်ကျွေးသည့် သန်ချဆေးနှင့် ဗီတာမင်အေဆေးများ တိုက်ကျွေးခဲ့သည်။
ကျန်ရှိသည့် ရပ်ကွက်များဖြစ်သည့် မန်မိုင်၊ နမ့်လျန် ၊ ပန်လုံလမ်း၊ မန်ခွန်နှင့် မိန်းပန်းဝ ရပ်ကွက်များသို့လည်း ဩဂုတ်လ (၁၇)ရက်နေ့ နံနက်တွင် ဆက်လက်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)