ဗန်းမော်မြို့တွင် ကျောင်းသားကျောင်းသူများအား အသိပညာဗဟုသုတများ တိုးပွားစေရန် လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်းနှင့် အားကစားနည်းများ သရုပ်ပြဆောင်ရွက်

ဗန်းမော် ဩဂုတ် ၁၆

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကျောင်းသားကျောင်းသူများအား ကျောင်းစာအပြင် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ဗန်းမော်ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတို့က ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်း၊ အားကစားနည်းများ သရုပ်ပြခြင်း၊ စာအုပ်စာစောင်ပြသခြင်းနှင့် အသိပညာပေးနံရံကပ် စာစောင်များ ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ဗန်းမော်မြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းရှိ မြဝတီခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းက ကျောင်းသားကျောင်းသူများအား စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးခြင်းဆိုင်ရာ အကြောင်းများကို အသိပညာပေးဟောပြောပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆန္ဒမွန်က စားသုံးသူ ကာကွယ်ရေးအသိပညာပေးခြင်း၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြသည်။

ဆက်လက်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပရာ ဗန်းမော်မြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင်းတင့်က “ခေါင်းဆောင်တစ်ဦး၏ အရည်အချင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းက “လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးသက်ပိုင်ထွန်းက “လူငယ်နှင့်ခေါင်းဆောင်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအသိပညာပေး ဟောပြောခဲ့ကြကာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာဆရာမများ၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ (၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများအား အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် အားကစားဆိုင်ရာ အသိပညာရရှိစေရန် အားကစား ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း၊ Physical Fitness Dance အကဖြင့် သရုပ်ပြခြင်း၊ လက်ဝှေ့အားကစားနည်း သရုပ်ပြခြင်းနှင့် တိုက်ကွမ်ဒိုအားကစားနည်းတို့ကို သရုပ်ပြခြင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ခင်းကျင်း ပြသထားသည့် သုတ/ရသစာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ် စာစောင်များကို ကျောင်းသားကျောင်းသူများက စိတ်ဝင်တစားကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။

ဗန်းမော်(ပြန်/ဆက်)