လင်းခေးမြို့တွင် Quarantine Center ဝင်ရောက်လျက်ရှိသည့် နေရပ်ပြန်ပြည်သူ (၁၄) ဦးအတွက် ရှမ်းပြည်နယ် နမ့်ခုံးရှမ်းများပရဟိတ (လူမှုကူညီရေး)အသင်းမှ လူအသုံးအဆောင် တစ်ကိုယ်ရည်သုံး ပစ္စည်းများ လာရောက် ထောက်ပံ့ပေး

လင်းခေး၊ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်းလင်းခေးမြို့တွင် Quarantine Center ဝင်ရောက်လျက်ရှိသည့် ပြည်သူ (၁၃ဦးနှင့် သံဃာတော် ၁ ပါးတို့အတွက် ရှမ်းပြည်နယ်နမ့်ခုံးရှမ်းများ ပရဟိတအသင်း(ဗဟို)မှ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းလုံနှင့် အဖွဲ့ဝင်သုံးဦးလိုက်ပါလျက် ၄င်းတို့အား တစ်ကိုယ်ရည်သုံးပစ္စည်းများအား ယမန်နေ့ နေ့လယ်ပိုင်းက လင်းခေးမြို့ရှိ အဆိုပါ Center များသို့ လာရောက်ထောက်ပံ့ ပေးအပ် ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပေးအပ်ရာတွင် လင်းခေးမြို့၊ အခြေခံပညာအထက်တန်းကျောင်းနှင့် နွယ်ဝတီခန်းမတို့တွင် ထားရှိသည့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး  (Quarantine Center) ၂ နေရာ၌ ဝင်ရောက်လျက်ရှိကြသော နေရပ်ပြန်ပြည်သူ အမျိုးသား၊ အမျိုးသမီး(၁၃)ဦး၊ သံဃာတစ်ပါး အပါအဝင် စုစုပေါင်း (၁၄) ဦးတို့၏ လက်ဝယ်အရောက် ၄င်းအသင်းတာဝန်ရှိသူတို့က ကွင်းဆင်းပေး အပ်ခဲ့ကြသည်။

ထိုသို့ထောက်ပံ့ပေးအပ်ခဲ့သော တစ်ကိုယ်ရည်သုံး အသုံးအဆောင်များမှာ ခေါင်းဘီး၊ လက်သည်းညှပ်၊ Brush၊ ကြာပန်းဆပ်ပြာမှုံ့၊ ကာနီ၊ 4gဆန့်ရေပုံး၊ ရေစိုဖလားခွက်၊ ပုဆိုး၊ ရေချိုးတဘက်၊ ခြင်ထောင်၊ နှစ်ထပ်စောင်၊ ထိုင်ခင်းအရှည်(ထူ)၊ တီရှပ်၊ စပို့ရှပ်၊ Sticker Print Tape၊ ရှမ်းလုံချည်၊ ဘောင်းဘီတို (ကျား/မ)များနှင့် သံဃာအသုံးအဆောင် ပစ္စည်းမျိုးစုံတို့ ပါဝင်ပြီး ယခုလာရောက် ထောက်ပံ့ လှူဒါန်းပေးခြင်းမှာ ပဥ္စမအကြိမ်မြောက်ဖြစ်ပါကြောင်း တောင်ကြီး နမ့်ခုံးရှမ်းများ ပရဟိတ (လူမှုကူညီရေး)အသင်း (ဗဟို)ဒုတိယဥက္ကဋ္ဌ ဦးစိုင်းပန်းအောင်(ခ)ပီစိုင်းလုံက ပြောကြားခဲ့ကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)