ကျောင်းသား၊ ကျောင်းသူများ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန် စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

ဗဟန်း   ဩဂုတ်   ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် (ဗဟန်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ရှိ ကလေးစာဖတ်ခန်း၌ ကျောင်းသား၊ ကျောင်းသူများ မြန်မာ့ဆိုရိုးစကားပုံများကို သိရှိနားလည်ပြီး တန်းဖိုးထားတတ်စေရန်၊  ဗဟုသုတတိုးပွား၍ ဉာဏစွမ်းဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်လျက် ယနေ့နံနက် ၁၀ နာရီ က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စကားပုံဆက်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အနောက်ပိုင်းခရိုင် ဦးစီးမှူး က ပြိုင်ပွဲများကျင်းပရခြင်းနှင့် ပတ်သက်၍ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲကိုကျင်းပကြရာ စကားပုံဆက်ပြိုင်ပွဲတွင် အလယ်တန်းအဆင့်ကျောင်းသား/သူ (၁၀) ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

စန္ဒာမိုး