တောင်ဥက္ကလာပ ဩဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁ဝး၀၀)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးက လတ်တလော ဆောင်ရွက်နေကြတဲ့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အားလုံးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြရန်၊ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မိမိတို့မြို့နယ်အတွင်း ပြည်သူအားလုံးကို ရာခိုင်နှုန်းပြည့် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ ၆၆/၆) ရေးသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်မှုများလည်း သတ်မှတ်ချိန်၊ သတ်မှတ်ရက်မှာ ပြီးမြောက်အောင် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းအားလုံးအတွက် လုံခြုံရေးအရေးကြီး၍ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း စသည်ဖြင့် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်ရဲတပ်ဖွဲ့မှူးမှ လုံခြုံရေးအဓိကဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ မြို့နယ်လဝကမှူးမှ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ ၆၆/၆) အချက်အလက်များကို e-ID စနစ်ဖြင့် ကွန်ပျူတာဖြင့် Software ရေးသွင်းခြင်းများ ဆောင်ရွက်မှု အခြေအနေများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု အခြေအနေများစသည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပါသည်။
ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လိုအပ်သည်များကို တင်ပြဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)