သာစည် ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီက ကာကွယ်ဆေးလွှမ်းခြုံနိုင်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် ယနေ့နံနက် ၈ နာရီခွဲကစတင်၍ ဆေးထိုးအဖွဲ့ ၇ ဖွဲ့ဖြင့် ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ ၆ လပြည့်ပြီးနှင့် အထက်ရှိသောအသက် (၁၈)နှစ်နှင့်အထက်ရှိသူများအား ထပ်ဆောင်းကာကွယ် ဆေးကိုလည်းကောင်း၊ ထပ်ဆောင်းနောက်ဆုံးအကြိမ်ထိုးနှံ ပြီးစီးမှုကာလ ၆ လ ပြည့်ပြီးနှင့် အထက်ရှိသူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ကိုလည်းကောင်း ထိုးနှံပေးခြင်းဖြစ်ကြောင်းသိရပြီး သတ်မှတ်ဆေးထိုးစုရပ်များဖြစ်သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံ၊ မြို့မရဲစခန်း၊ မြို့နယ်ပညာရေးမှူးရုံး နှင့် ဘူတာရုံတို့၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များအား ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ အလားတူ ရွေ့လျားဆေးထိုးအဖွဲ့နှစ်ဖွဲ့ဖြင့်လည်း ကျေးရွာအုပ်စုများ၌ လှည့်လည်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက လှည့်လည်ကြည့်ရှုအားပေးပြီးလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)