ရန်ကင်း သြဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မြို့တော်ဝန်ဦးဗိုလ်ဌေး၊ စည်ပင်ဌာနမှူးများအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လိုက်ပါလျက် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် အမှတ်(၁၁)ရပ်ကွက်၊ ဘူတာရုံလမ်းရှိဆည်မြောင်း ချောင်း၊ မြေထိန်းနံရံ တည်ဆောက်ပြီးစီးမှု၊ အမှတ်(၁၅)ရပ်ကွက်၊ မိုးကောင်းလမ်းရှိ ရေမြောင်းနှင့် ကွန်ကရစ်ဖုံး ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ မြို့တော်ဝန်က ရေထိန်းတံခါးအနီးမှ ခြုံနွယ်ပိတ်ပေါင်းများ၊ အမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်း ဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အမှတ် (၈) ရပ်ကွက်ရှိ နှင်းဆီလမ်း ကံဘဲ့စည်ပင်အိမ်ရာဝင်းအတွင်း စျေးရောင်းကားများဖြင့် လှည့် လည်ကာ စားသုံးသူပြည်သူများ အဆင်ပြေစေရေးအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ သားငါး၊ ဟင်းသီးဟင်းရွက်နှင့် ကုန်ခြောက်များအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ၀၇:၃၀နာရီတွင် ပြန်လည် ထွက်ခွာခဲ့ကြောင်း သတင်းရရှိသည်။
အိရွှေစင် (ပြန်/ဆက်)